မိမိ၏ ဂိုးသွင်းစံချိန်ကို ရော်နယ်ဒို ချိုးဖျက်နိုင်မည်ဟု အလီဒါယီ ယုံကြည်

အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီသည် နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၁၀၉ ဂိုးသွင်းကာ စံချိန်တင်ထားသော သူ၏စံချိန်ကို ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက ချိုးဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

ဘီလီဖီးလ်၊ ဘိုင်ယန်မြူးနစ်၊ ဟာသာဘာလင်တို့တွင် ကစားဖူးသော အလီဒါယီသည် အီရန်အတွက် ၁၉၉၃ မှ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့စဉ်အတွင်း ၁၄၉ ပွဲတွင် ၁၀၉ ဂိုးသွင်းကာ ၁၉၉၈၊ ၂၀၀၂ အာရှအားကစားပြိုင်ပွဲများ၌ ရွှေတံဆိပ် ၂ ကြိမ် ရယူနိုင်ခဲ့သည်။

အလီဒါယီသည် နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်မှာ ၁၄ နှစ်တိုင် ကြာမြင့်နေပြီဖြစ်ပြီး ၎င်း၏စံ ချိန်အား ချိုးဖျက်နိုင်သူ မရှိသေးဘဲ ဒုတိယနေရာမှ လိုက်နေသူက ရော်နယ်ဒိုဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် လက်ရှိအချိန်တွင် နိုင်ငံတကာသွင်းဂိုး ၁၀၂ ဂိုးဖြင့် အလီဒါယီ၏နောက် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိပြီး နောက်ထပ် ၇ ဂိုး ထပ်သွင်းလျှင် အီရန်ဂန္ထဝင်၏ စံချိန်အား လိုက်မီမည်ဖြစ်သလို ၈ ဂိုးဆိုပါက စံချိန်အား ချိုးဖျက်နိုင်မည် ဖြစ်သည်။

ရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ၂၀၀၃ ခုနှစ်မှ စတင်ကစားပေးခဲ့ ပြီး နိုင်ငံတကာပွဲ ၁၆၉ ပွဲတွင် ၁၀၂ ဂိုးသွင်းကာ နိုဝင်ဘာ ၁၁ ရက်က အန်ဒိုရာနှင့်ကစားသော ခြေစမ်းပွဲ၌ ၎င်း၏ နောက်ဆုံးသွင်းဂိုးကို သွင်းယူထားသည်။

အသက် ၅၁ နှစ်အရွယ် အလီဒါယီက “ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ခေတ် မှာ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ရုံသာမကဘဲ ထာဝရအကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက အံ့ဖွယ် တစ်ယောက်ဆိုတာ အကြွင်းမဲ့ပါပဲ။ သူ့ကို ကျွန်တော် တိုက်ရိုက် ဂုဏ်ပြုပါတယ်။

သူဟာ ပေါ်တူဂီအတွက် ၁၀၂ ဂိုး သွင်းထားပါတယ်။ ကျွန်တော့်ရဲ့စံချိန်ကို ရိုက်ချိုးနိုင်မှာပါ။ ဒါက သေချာပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ နောက်ထပ် ၇ ဂိုးထပ်သွင်းဖို့ လိုနေပါသေးတယ်” ဟု ပြောသည်။

Ref:persiannews

Facebook Comments Box
Facebook Comment