မိမိ၏ချန်ပီယံလိဂ်စံချိန်ကို ရော်နယ်ဒို လိုက်မီနိုင်ကြောင်း ဆီးဒေါ့ဖ်ပြောကြား

ကလာရင့်ဆီးဒေါ့ဖ်က သူ၏ကွဲပြားသည့် ကလပ်သုံးခုနှင့် ချန်ပီယံလိဂ်ဖလားဆွတ်ခူးထားနိုင်သည့် စံချိန်ကို ခရစ္စတီယာနိုရော်နယ်ဒို လိုက်မီ လာနိုင်ကြောင်း ပြောကြားလိုက်သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့နှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိကလပ် ဂျူဗင်တပ်နှင့်အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ပါက ကွဲပြားသည့် ကလပ်သုံးခုနှင့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်သည့် ကစားသမား ဖြစ်လာမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဆီးဒေါ့ဖ်က အေဂျက်စ်၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်တို့နှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးကာ ကွဲပြားသည့် ကလပ်သုံးခုနှင့် ချန်ပီယံလိဂ်ဖလားဆွတ်ခူးထားနိုင်သည့် တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းရေးထိုးထားသည်။

ဂျူဗင်တပ်သည် ၁၉၉၆ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ချန်ပီယံ မဖြစ်ခဲ့ချေ။ သို့ရာတွင် ဆီးဒေါ့ဖ်က ဂျူဗင်တပ်မှာ ရွှေဘောလုံးဆု ငါးကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒို၏ တိုက်စစ်ကို ဦးဆောင်မှုနှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးလာနိုင်ကြောင်း ယုံကြည်နေသည်။

ဆီးဒေါ့ဖ်က “ခရစ္စတီယာနိုရော်နယ်ဒိုသာ ကျွန်တော့်စံချိန်ကို လိုက်မီလာရင် ကျေနပ်စရာပါ။ ဒါက ဆိုးရွားတဲ့အရာလို့ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ပထမဆုံးအဖြစ် အမြဲတမ်း ရှိနေပါမယ်။ ဒါက ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး။ စံချိန်ဆိုတာ လိုက်မီတာတွေ ရှိလာမယ်။ ရိုက်ချိုး ခံရတာတွေ ရှိလာမယ်။ ဂျူဗင်တပ်က ချန်ပီယံလိဂ်မှာ စိန်ခေါ်သူအဖြစ် အမြဲရှိနေတဲ့အသင်းပါ။ အရင်တုန်းက ပြောခဲ့သလို ခရစ္စတီယာနိုရော်နယ်ဒိုမှာ ပြင်းထန်တဲ့ စိတ်ဆန္ဒနဲ့ ခြေစွမ်း ရှိနေတယ်။ ဒီတော့ ဘာလို့ မဖြစ်နိုင်ရမှာလဲ”ဟု ပြောကြားသွားသည်။

ဆက်လက်ပြီး ဆီးဒေါ့ဖ်က မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့မှာ အသက် ၃၃ နှင့် အသက် ၃၅ နှစ် အရွယ်သို့ ရောက်နေသော်လည်း ဖီဖာ အကောင်းဆုံးကစားသမားဆုနှင့် ရွှေဘောလုံးဆုတို့အတွက် ဆက်လက် တိုက်ပွဲ ဝင်နိုင်သေးကြောင်း ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment