
မိတိုမာက ပိုတန်ဟု အိုဝင်သုံးသပ်
မန်စီးတီးက ခေါ်ယူထားသော အာလင်းဟာလန်းထက်စာလျှင် ဘရိုက်တန်က ပြောင်းရွှေ့ကြေးနည်းနည်းဖြင့် ခေါ်ယူထားသည့် ကာအိုရူမိတိုမာက အဖိုးတန်သော လက်မှတ်ရေးထိုးမှုဟု အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က သုံးသပ်သည်။
ဂျပန်လက်ရွေးစင် တောင်ပံကစားသမားသည် ပရီးမီးယားလိဂ် ရာသီအဖွင့်မှာပင် ခြေစွမ်းပြကစားလျက်ရှိသည်။
ဘရိုက်တန်သည် ၂၅ နှစ်အရွယ် မိတိုမာကို ယမန်နှစ်ရာသီက ကာဝါဆာကီဖရန်တေးအသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံကလပ် ယူနီယံအက်စ်ဂျီသို့ တနှစ်အဌားချခဲ့သည်။
ယခုရာသီတွင် ဘရိုက်တန်သို့ ပြန်လည်ရောက်ရှိလာသော မိတိုမာသည် အသင်းသစ်၌ အမြန်ဆုံးအထိုင်ကျခဲ့ပြီး လီဗာပူးလ်အားအနိုင်ရသည့် အက်ဖ်အေဖလားပွဲတွင် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။
၎င်းသည် ဘရိုက်တန်အတွက် နောက်ဆုံးကစားထားသော ပြိုင်ပွဲစုံ ၆ ပွဲတွင် ၅ ဂိုးသွင်းထားပြီး ခြေစွမ်းပြနေသောကြောင့် လီဗာပူးလ်ဂန္ထဝင် အိုဝင်က ချီးကျူးခဲ့ခြင်းဖြစ်သည်။
“မန်စီးတီးက ဟာလန်းကိုခေါ်ယူတာက ဒီရာသီရဲ့ ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။
ဒါပေမဲ့လည်း မိတိုမာအတွက် ပေးခဲ့ရတဲ့ ပေါင် ၂.၆ သန်းကတော့ တန်ဖိုးရှိတဲ့ ငွေသုံးစွဲမှုလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု အိုဝင်က ဆိုသည်။
Ref:jptimes