မာရှယ် နောက်ကျောဒဏ်ရာ ရနေ၍ ဆိုးလ်ရှား အခက်တွေ့ဖွယ်ရှိ

ပြင်သစ်တိုက်စစ်မှူး အန်ထော်နီမာရှယ်သည် နောက်ကျောဒဏ်ရာ ရရှိကာ အသင်းဖော်များနှင့်အတူ လေ့ကျင့်နိုင်ခြင်းမရှိသောကြောင့် ၎င်း၏မိခင်ကလပ် မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက် အခက်တွေ့ဖွယ် ရှိနေသည်။

အသက် ၂၄ နှစ်အရွယ် မာရှယ်သည် ပေါ်တူဂီအား ၁-၀ ဂိုးဖြင့် အနိုင်ရသည့် နေးရှင်းလိဂ်ပွဲတွင် ပွဲထွက်လူစာရင်းမှ ပါဝင်ကစားခွင့်ရခဲ့သော်လည်း ဒဏ်ရာရခဲ့သောကြောင့် ပွဲချိန် ၇၈ မိနစ်၌ ဂျရူးနှင့် လူစားလဲခဲ့ရသည်။

၎င်းသည် နောက်ကျောဒဏ်ရာကြောင့် ယမန်နေ့က ပြုလုပ်သည့် ပြင်သစ်အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ပါဝင်နိုင်ခြင်း မရှိသလို ယနေ့ည ဆွီဒင်အား ဧည့်ခံကစားရမည့် နေးရှင်းလိဂ်ပွဲစဉ်အား လွဲချော်ရဖွယ် ရှိနေသည်။

မာရှယ်၏ ဒဏ်ရာသတင်းသည် ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာမှ အထက်သို့ တက်နိုင်ရန် ကြိုးစားနေသော မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက် ရတက်မအေးစရာ အခြေအနေဖြစ်သည်။

မန်ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်သည် အဲဗာတန်အား ၃-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပခုံးဒဏ်ရာ ရခဲ့သောကြောင့် အင်္ဂလန်အသင်းအတွက် ကစားပေး နိုင်ခြင်းမရှိရာ လာမည့်စနေည ဝက်စ်ဘရွန်းနှင့် အိမ်ကွင်းပွဲ၌ ပါဝင်ကစားရန် အနေအထားက ၅၀ ရာခိုင်နှုန်းသာ ရှိနေသည်။

ဂရင်းဝုဒ်မှာလည်း ဖျားနာနေသောကြောင့် ဝက်စ်ဘရွန်းနှင့်ပွဲတွင် ပါဝင်ကစားရန် ၎င်း၏ ကြံ့ခိုင်မှု အခြေအနေက ၇၅ ရာခိုင်နှုန်းသာ ရှိနေ၍ ဆိုးလ်ရှားအနေဖြင့် အဲဗာတန်နှင့်ပွဲတွင် ပရီးမီးယားလိဂ် ပထမဆုံးဂိုး သွင်းနိုင်ခဲ့သည့် ဝါရင့်တိုက်စစ်မှူး ကာဗာနီကို ပွဲထွက်လူစာရင်းမှ ထည့်သွင်းအသုံးပြုရဖွယ် ရှိနေသည်။

မာရှယ်သည် ယခုရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားထားသော်လည်း တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးဘဲ ချန်ပီယံလိဂ်တွင်သာ ၂ ဂိုး သွင်းထားသည်။

Ref:dailymail

Facebook Comments Box
Facebook Comment