မာရာဒိုနာ၏ ဦးခေါင်းခွဲစိတ်မှု အောင်မြင်

အာဂျင်တီးနား ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဒီယေဂိုမာရာဒိုနာ၏ ဦးနှောက်တွင်း သွေးခဲမှုအား ခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း ၎င်း၏ ကိုယ်ရေးဆရာဝန် လီယိုပိုလ်ဒိုလုကေးက အတည်ပြုသည်။

အသက် ၆၀ အရွယ် မာရာဒိုနာသည် တနလာၤနေ့က သွေးအားနည်းကာ ဖြူရော်ဖျော့တော့ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းများကြောင့် ဗျူနိုအေးရိစ်ရှိ အိုလီဗော့စ်ဆေးရုံသို့ တက်ခဲ့ရပြီး စစ်ဆေးခဲ့ရာ ဦးနှောက်သွေးခဲနေသည်ကို တွေ့ခဲ့ရသည်။

ထို့ကြောင့် ယမန်နေ့က ခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပြီး ၁၉၈၆ ကမ္ဘာ့ဖလား ချန်ပီယံသည် ပြန်လည်သက်သာလာပြီဟု လုကေးက ဆိုသည်။

“သွေးခဲနေတာကို ကျွန်တော်က အန္တရာယ်မရှိအောင် ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ ဒီယေဂိုက ခံနိုင်ရည်ရှိပြီးတော့ ခွဲစိတ်မှုကလည်း ကောင်းမွန်ပါတယ်။ သူက လက်ရှိမှာ စောင့် ကြည့်နေရတဲ့ အဆင့်မှာ ရှိပါသေးတယ်။

ခွဲထုတ်လိုက်တဲ့ နေရာကနေ သွေးယိုစိမ့်မှု နည်းနည်းလေး ရှိနေသေးပြီး မနက်ဖြန် စုပ် ထုတ်ဖို့ ရှိတယ်။ ဆေးရုံမှာ ဘယ်လောက်နေရမလဲ ဆိုတာကတော့ သူ့ရဲ့ခွဲစိတ်မှု ဆင့်ကဲဖြစ်စဉ်ပေါ် မူတည်ပါတယ်။

ဒါပေမဲ့ သူ ပြန်သက်သာဖို့ စတင်နေတာက သတင်းကောင်းပါပဲ။ ခွဲစိတ်ပြီးနောက်ပိုင်း သူ့ရဲ့တုံ့ပြန်မှုက ကောင်းခဲ့လို့ ဒီလိုဖြစ်လာတာပါ” ဟု လုကေးက ပြောသည်။

အာဂျင်တီးနား ပရီးမီးယားလိဂ်ကလပ် ဂျင်နာရှားအသင်းကို ကိုင်တွယ်နေသည့် မာရာဒိုနာ၏ သတင်းကို ကြားသိရပြီးနောက် ကလပ်ပရိသတ်များနှင့် အာဂျင်တီးနား ပရိသတ်များသည် ဆေးရုံပြင်ပတွင် စုဝေးခဲ့ကြပြီး အမြန်ဆုံး သက်သာလာစေရန် ဆု တောင်းပေးခဲ့သည်။

Ref:Marca

Facebook Comments Box
Facebook Comment