
မာရာဒိုနာရဲ့လောင်းရိပ်နဲ့ ဒုတိယမာရာဒိုနာများ
မောင်ဖိုးကွန့်
ပြီးခဲ့တဲ့တစ်ပတ်တုန်းက မာရာဒိုနာ ကွယ်လွန်တဲ့သတင်း တက်လာချိန်မှာ ကျွန်တော်ဂျာနယ်သမားဘဝကို ရောက်ခါစက ရေးဖို့ချိန်ရင်းချိန်ရင်း မရေးဖြစ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို ပြန်သတိရမိတယ်။
အဲဒီအချိန်တုန်းက အခုလို Online Media မဟုတ်ဘဲ စာမျက်နှာအခြေအနေနဲ့ စာဖတ်ပရိသတ်တွေရဲ့ လတ်တလော အကြောင်းအရာပေါ် စိတ်ဝင်စားမှု အခြေအနေကြောင့် အကြောင်းတိုက်ဆိုင်အောင် စောင့်ရင်းစောင့်ရင်း အခုအချိန်အထိ မရေးဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။
ဒါတောင် အဲဒါကို ပြန်စဉ်းစားမိတဲ့အချိန်မှာ ပေးစရာဆောင်းပါးက ရေးပြီးသားဖြစ်နေတာကြောင့် ဒီတစ်ပတ်မှ ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
အခုမှမရေးရင် နောက်ဘယ်တော့မှ ရေးဖြစ်မှာမဟုတ်တော့ဘူးလေ . . .
ဒီမာရာဒိုနာဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို ကျွန်တော် ဘောလုံးပွဲ မကြည့်တတ်သေးတဲ့ (၆-၇)နှစ်သားအရွယ်ကတည်းက နာမည်နဲ့ ရင်းနှီးနေခဲ့ပါပြီ။
ကျွန်တော်တို့မိသားစုမှာ အစ်ကိုရောအဖေရောက ဘောလုံးပွဲအရမ်းကြိုက်ပြီး အဖေဆို အားတဲ့ညနေတိုင်း အောင်ဆန်းကွင်းသွားပြီး ဘာပွဲဖြစ်ဖြစ် စိတ်ဝင်တစားကြည့်တတ်တဲ့သူပါ။
(ထူးခြားတာက အဲဒီအချိန်က ဘောလုံးပွဲသွားတဲ့ လူတိုင်းနီးပါး လုပ်တတ်တဲ့ တောင်ဖက်တန်း ပွဲကြည့်စင်က ကိစ္စတွေမှာ သူဝင်ပါတာမျိုး မရှိဘူး။ နောက်မှပြောပြတာ အဲလို အရင်းအနှီးနဲ့ဘောလုံးပွဲကြည့်တာ ရသပျက်တယ်လို့ခံစားရလို့တဲ့ဗျ)

ထားလိုက်ပါတော့ ပြောချင်တာက ကျွန်တော် အဲဒီလို ၆-၇ နှစ်သားမှာ အဖေနဲ့အစ်ကို တို့ ဘောလုံးပွဲအကြောင်း ပြောပြီဆို မာရာဒိုနာဆိုတဲ့နာမည် မပါဘဲ ဘယ်တော့မှ မပြီးဘူး။
ဒါကြောင့် ကျွန်တော်က လူမမြင်ဖူးခင် နာမည်ကို အရင်သိနေခဲ့တာ ဖြစ်ပါတယ်။ ဟုတ်တယ်ဗျ . . .အဲဒီအချိန်က 1986 ကမ္ဘာ့ဖလားပြီးစအချိန် . . .
အားလုံးသိတဲ့အတိုင်း ဒီ 86 World Cup ဆိုတာကလည်း မာရာဒိုနာရဲ့ပွဲဖြစ်နေတာကိုးဗျ . . . အင်္ဂလန်ကို သွင်းခဲ့တဲ့ (၂)ဂိုးလုံးက ခုချိန်အထိကို ပြောစရာဖြစ်နေအောင် နာမည်ကြီးခဲ့တာဆိုတော့ အဲဒီအချိန်ကဆို ဘာပြောကောင်းမလဲပေါ့ . . .
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာ အဲဒီအချိန်က တစ်ရပ်ကွက်လုံးပေါင်းမှ တီဗွီတစ်လုံးလောက်ရှိပြီး ကမ္ဘာ့ဖလားကြည့်ရဖို့ဆို ပြိုင်ပွဲပြီး (၁)လလောက်ကြာတော့မှ ဗွီဒီယိုတိပ်ခွေနဲ့ ခဲရာခဲဆစ်ရှာဖွေမှ ကြည့်ခွင့်ရတာပါ။
ဒီလို ကမ္ဘာတစ်ဝက်လောက် ဝေးတဲ့နေရာမှာ ဒီလောက်အထိ သက်ရောက်မှုရှိခဲ့တာဆိုတော့ အာဂျင်တီးနားမှာဆိုရင် မာရာဒိုနာနဲ့ 86 ကမ္ဘာ့ဖလားက အကြောင်းအရာတွေရဲ့သက်ရောက်မှုက ဘယ်လောက်ကြီးမားလဲဆိုတာ စဉ်းစားလို့တောင် မမီနိုင်ပါဘူး။
အဲဒီကာလမတိုင်ခင်မှာ စစ်ဒဏ်ခံထားရပြီး ဘောလုံးနဲ့ပတ်သက်လို့ သူတို့ အိမ်နီးချင်းမဟာပြိုင်ဘက် ဘရာဇီးက ချန်ပီယံ အကြိမ်ကြိမ်ဖြစ်နေသလို ပီလီလို စူပါဟီးရိုးတွေကလည်း အများအပြား ပေါ်ထွက်နေလို့ ဘောလုံးနဲ့ပတ်သက်ရင် ဘရာဇီးကိုလည်း ပခုံးချင်း မယှဉ်နိုင်တဲ့အနေအထား ဖြစ်နေခဲ့တာပါ။
၈၆ မတိုင်ခင် ၈နှစ်က ချန်ပီယံတစ်ခါဖြစ်ဖူးပေမယ့် သူတို့ အိမ်ရှင်လုပ်ပြီး ရထားတဲ့ဖလားဖြစ်နေတော့ ချန်ပီယံချင်းယှဉ်ရင်တောင် တစ်ပန်းနိမ့်နေခဲ့တာပေါ့။
နောက်ပြီး အသင်းရဲ့ခြေစွမ်းက သိသိသာသာ ထူးခြားမနေသလို အသင်းမှာလည်း ဂိုးသွင်းတတ်တဲ့ မာရီယိုကမ်းပက်စ်လောက်ပဲ ရှိခဲ့တာဆိုတော့ ချန်ပီယံဖြစ်တာတောင် ဒီလောက် ဂုဏ်မရှိခဲ့ဘူးပေါ့။
အဲ . . . ဒီ ၈၆ မှာကျတော့ ပြိုင်ပွဲက (၂၄)သင်းနဲ့ ကစားရတဲ့ပုံစံ ဖြစ်လာလို့ ပိုပြီး ကြီးကျယ်ခမ်းနားလာပါတယ်။
မီဒီယာကလည်း စထွန်းကားစဖြစ်တော့ စိတ်ဝင်စားစရာ ပိုကောင်းလာပြီး ပြောရရင် ဒီဘက်ခေတ် ဘောလုံးပွဲပုံစံကို ပြောင်းကာစအနေအထား ဖြစ်နေခဲ့ပါတယ်။

အဲဒီလိုပွဲမျိုးမှာ ခြေစွမ်းခြေစက ပြိုင်ပွဲဝင် ကစားသမားတွေထဲမှာ အကောင်းဆုံး၊ အပေါ်လွင်ဆုံးဖြစ်သလို အသင်းနိုင်ဖို့ ညစ်တဲ့နေရာမှာလည်း ဘယ်သူမှ မကြားဖူး မလုပ်ဖူးတဲ့ ညစ်နည်းတွေသုံးပြီး အသင်းကို ချန်ပီယံဖြစ်စေခဲ့သလို ကိုယ်တိုင်လည်း ရွှေဘောလုံးဆု ဆွတ်ခူးခဲ့တော့ မာရာဒိုနာဟာ အာဂျင်တီးနားမှာ ဘုရားသခင်လောက်ကို နာမည်ကြီးသွားခဲ့တာပါပဲ။
ဟုတ်တယ်လေ အဲဒီပြိုင်ပွဲမှာ အာဂျင်တီးနားက ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တဲ့နေရာမှာ သူတို့စစ်ရှုံးထားတဲ့ အင်္ဂလန်ကို မခံချိမခံသာ ဖြစ်စေမယ့်အနေအထားနဲ့ နိုင်ခဲ့တာဖြစ်သလို အိမ်နီးချင်းပြိုင်ဘက် ဘရာဇီးက ‘ပီလီ’ လို ပါရမီရှင်ပါလို့ အားလုံးဝန်ခံရတဲ့ ကစားသမားတစ်ယောက်ပါ ရခဲ့တာကြောင့်ပေါ့ . . .
တကယ်တော့ အာဂျင်တီးနားလူမျိုးတွေရဲ့ စိတ်ခံစားမှုနဲ့ မာရာဒိုနာအပေါ် အထင်ကြီးလေးစားတဲ့စိတ်က လိုတာထက်ပိုခဲ့ပြီး မာရာဒိုနာ ကစားနိုင်တုန်း ခြေစွမ်းပြနေတုန်းမှာ ကစားသမားရော ပရိသတ်တွေအတွက်ပါ ပျော်စရာအခြေအနေပေါ့။
မာရာဒိုနာ နားသွားတဲ့အခါကျမှ အဲဒီအခြေအနေရဲ့ဆိုးကျိုးက ထပြပါတော့တယ်။ အဲဒါဘာလဲဆိုတော့ ‘Hero မျှော်တဲ့ရောဂါ’ ဆိုတာကြီးက အာဂျင်တီးနား ဘောလုံးပရိသတ်တွေကို တိုက်စားခဲ့ပါတယ်။
နောက်ပိုင်း လူငယ်ကစားသမားလေးတစ်ယောက် နာမည်ထွက်လာတိုင်း၊ နည်းနည်းခြေစွမ်းပြလာတိုင်း ‘ဒုတိယမာရာဒိုနာ’ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဆွဲသွင်းပြီး ဖိအားတွေ အများကြီး ပစ်တင်ကြတော့တာပါပဲ။
မာရာဒိုနာ ဘောလုံးကစားတာက နားသွားပြီးတဲ့ နောက်ပိုင်းမှာကတည်းက အဲဒီလိုလုပ်လာခဲ့တာ ကစားသမားပေါင်းများစွာ ရှိခဲ့ပါတယ်။
အော်တေဂါ၊ ရီကွယ်မီး၊ ဒီအလက်ဇန်ဒရို၊ ပါဘလိုအိုင်းမား၊ လာဗက်ဇီ၊ အဂွီရို၊ နောက်ဆုံး ဒီမာရီယာနဲ့ မက်ဆီအထိ ပါပါတယ်။

ဒီကစားသမားတွေ သက်တမ်းအလိုက် အသင်းတွေ၊ ကလပ်အသင်းတွေမှာ ခြေစွမ်းပြခဲ့ကြပြီး လက်ရွေးစင်အသင်းအတွက်ဆိုရင် သူတို့ကျောပေါ်မှာ မာရာဒိုနာဝတ်ခဲ့တဲ့ နံပါတ်(၁၀)အင်္ကျီနဲ့အတူ ဖိအားတွေ၊ မျှော်လင့်ချက်တွေ စတဲ့ မနိုင်ဝန်တွေကို တင်ပေးရင်း အားလုံးက သူတို့မျှော်လင့်သလို ‘ဒုတိယမာရာဒိုနာ’ အဖြစ်ကို မရောက်လာခဲ့ပါဘူး။
ဒီလိုပဲ အာဂျင်တီးနားအသင်းကလည်း နောက်တစ်ခါ ကမ္ဘာ့ချန်ပီယံ ဖြစ်မလာခဲ့ပါဘူး။
စဉ်းစားကြည့်ရင် ပိုပြီးထင်ရှားပါတယ်။
မက်ဆီလို အမြဲတမ်း ခြေစွမ်းပြနိုင်နေတဲ့ ပါရမီရှင် ကစားသမားတောင် နိုင်ငံအတွက် မပေးဆပ်ဘူး။ စိတ်ပါလက်ပါ မကစားဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့နိုင်ငံတကာပွဲတွေကို စိတ်ကုန်သွားတဲ့အထိ ဖိအားပေးခဲ့ကြတာဆိုတော့ ဒီအခြေအနေနဲ့ မာရာဒိုနာကိုယ်တိုင် 1986 တုန်းက ခြေစွမ်းနဲ့ပြန်ကစားနိုင်ရင်တောင် သူ့နိုင်ငံသားတွေရဲ့ မျှော်လင့်ချက် ဝန်ထုပ်ဝန်ပိုးကြောင့် အောင်မြင်မှုတွေရဖို့ မဖြစ်နိုင်ဘူးလို့ ပြောရမှာပဲ။
ဒါက ပြုပြင်ပြောင်းလဲလို့မရတဲ့ လူ့သဘာဝအပေါ် အခြေခံပြီး အခြေအနေပါ။
အခုတော့ မာရာဒိုနာကိုယ်တိုင် လူ့လောကမှာ မရှိတော့တဲ့ အနေအထားမှာ အာဂျင်တိုင်းတွေရဲ့ မျှော်လင့်ချက် ဝန်ထုပ်ဝန်ပိုးတင်မှုတွေက တဖြည်းဖြည်း လျော့ပါးလာဖို့ ရှိနေပါပြီ။
ကျွန်တော်ပြောချင်တဲ့ ရည်ရွယ်ချက်က မာရာဒိုနာကြောင့် အာဂျင်တီးနား မအောင်မြင်တာ ဆိုတဲ့ ကိစ္စမဟုတ်ပါဘူး။
မာရာဒိုနာက အာဂျင်တီးနား ဘောလုံးလောကရဲ့ အကြီးဆုံးပုံရိပ်ပါ။ အထင်ရှားဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံး လူတစ်ယောက်ပါ။

ဒါပေမဲ့ သူ့စွမ်းဆောင်မှုအတွက် ရခဲ့တဲ့ရလဒ်ရဲ့သက်ရောက်မှုက အရမ်းကြီးနေတော့ နောက်မျိုးဆက်တွေပေါ်မှာ လောင်းရိပ်တစ်ခုလိုဖြစ်ပြီး ကြီးထွားသင့်သလောက် ကြီးထွားခွင့်မရခဲ့တာကို ပြောချင်တာပါ။
ပိုပြီး ရှင်းလင်းအောင်ပြောရရင် မက်ဆီဟာ ဘာစီလိုနာမှာဆို မက်ဆီပဲဖြစ်ပြီး အာဂျင်တီးနားမှာ ‘ဒုတိယမာရာဒိုနာ’ ဖြစ်နေခဲ့လို့ပါပဲ . . . .