မာရက်ဇ်နှင့် လာပေါ်တေးတို့ ကိုဗစ်ကူးစက်ခံထားရ

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီးက တောင်ပံကစားသမား ရီယက်မာရက်ဇ်နှင့် နောက်ခံလူ အေမာရစ်လာပေါ်တေးတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုကြေညာခဲ့ပြီး အသင်းသားအားလုံးက ၎င်းတို့နှစ်ဦး အမြန်ဆုံးသက်သာကာ အသင်းနှင့်ပူးပေါင်းရန် ဆန္ဒရှိကြောင်း ထုတ်ပြန်သည်။

ယမန်နှစ်ရာသီက ပရီးမီးယားလိဂ် ဒုတိယနေရာရခဲ့သော မန်စီးတီးသည် သြဂုတ်လအတွင်း ချန်ပီယံလိဂ်ပွဲစဉ် ကစားခဲ့ရသောကြောင့် ယခုတစ်ပတ်စတင်မည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁ ကို ကစားရမည်မဟုတ်ဘဲ စက်တင်ဘာ ၂၁ ရက်ကျမှသာ ဝုဗ်နှင့် ကစားရမည်ဖြစ်သည်။

အယ်လ်ဂျီးရီးယားလက်ရွေးစင် မာရက်ဇ်နှင့် ပြင်သစ် ယူ-၂၁ လက်ရွေးစင်ဟောင်း လာပေါ်တေးတို့ မည်သည့်နေရာမှ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ကို မန်စီးတီးက ကြေ ညာခြင်းမရှိဘဲ လတ်တလောတွင် နှစ်ဦးစလုံး သီးသန့်နေထိုင်လျက်ရှိသည်ဟု ကြေညာ သည်။

အသင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေနှင့် ပတ်သက်၍ မန်စီးတီးကထုတ်ပြန်သော ကြေညာချက်ထဲတွင် “မာရက်ဇ်နဲ့ လာပေါ်တေးတို့ COVID-19 ကူးစက်ခံ ထားရတာကို မန်စီးတီးက အတည်ပြုပါတယ်။ အခုတော့ ကစားသမား နှစ်ယောက်စလုံးက ပရီးမီးယားလိဂ်နဲ့ ဗြိတိန်အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအတိုင်း သီးသန့်ခွဲခြား နေထိုင်လျက်ရှိပါတယ်။ သူတို့နှစ်ယောက်စလုံမှား ဗိုင်းရပ်စ်လက္ခဏာ ပြသတာ မရှိပါဘူး” ဟု ပါရှိသည်။

၂၀၁၈ တွင် လက်စတာမှ ပေါင် သန်း ၆၀ ဖြင့် ပြောင်းလာကာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၉၄ ပွဲတွင် ၂၅ ဂိုးသွင်းထားသော မာရက်ဇ်က လူမှုကွန်ရက်မှတစ်ဆင့် မိမိကို အား ပေးသော မက်ဆေ့ချ်များ ပေးပို့ခဲ့သူများကို ကျေးဇူးတင်ကြောင်း၊ မိမိ၏ ကျန်းမာရေးက ကောင်းမွန်လျက်ရှိပြီး လူတိုင်း ဂရုတစိုက်နေထိုင်ကာ ကျန်းမာပါစေကြောင်း ဆု တောင်းစာ ရေးသားခဲ့သည်။

Ref:ManCity

Facebook Comments Box
Facebook Comment