
မာနေး သွင်းဂိုးတွေနဲ့ ၁၀ ယောက်ကျန် ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ယူလိုက်တဲ့ လီဗာပူး
ပွဲရလဒ်
ချဲလ်ဆီး – ၀
လီဗာပူး – ၂
မာနေး (၅၀၊ ၅၃ မိနစ်)
ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချန်ပီယံစိန်ခေါ်သူ ချဲလ်ဆီးကို ၂-၀ ဂိုးဖြင့် အနိုင်ရယူပြီး ရာသီသစ်အား ရာနှုန်းပြည့် နိုင်ပွဲဖြင့် စတင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလားအတွက် ရေပန်းစားနေတဲ့ အသင်းနှစ်သင်းဟာ ရာသီအစမှာ ဘဲ ထိပ်တိုက်တွေ့ဆုံခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ ချန်ပီယံ အလားအလာကို စမ်းသပ်မှု ခံယူခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါပေယ့် လက်ရှိချန်ပီယံ လီဗာပူးဟာ လန်ဒန်မှာ နိုင်ပွဲ ရယူပြီး သူတို့ရဲ့ ပါဝါကို ပြသနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ချဲလ်ဆီးဂိုးသမားကီပါရဲ့ မမှားသင့်တဲ့ အမှား၊ ပထမပိုင်းမှာ ခရစ္စတီယန်ဆင် အထုတ်ခံရမှု စတာတွေကြောင့် ချဲလ်ဆီးကို သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ ဖာဘင်ဟိုကို ဗဟိုခံစစ်နေရာမှာ ကစားသွားစေတာ တွေ့ရပြီး ကစားသမားသစ် တီယာကို အရန်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ကွင်းလယ်သုံးဦးနေရာမှာ ဟင်ဒါဆင်၊ ကီတာနှင့် ဝီနယ်ဒမ်တို့ကို သုံးခဲ့ပါတယ်။ မကြာသေးမီကမှ ဘိုင်ယန်ကနေ ရောက်လာတဲ့ တီယာဂိုဟာလည်း ဒုတိယပိုင်းမှာ ဟင်ဒါဆင်အစား လူစားဝင်ရောက်ကစားခဲ့ပါတယ်။
ချဲလ်ဆီးဟာလည်း ကစားသမားသစ် ဘင်ချဲလ်ဝဲလ်ကို ပွဲမထွက်စေဘဲ အလွန်ဆိုကိုဘဲ ဘယ်နောက်ခံလူနေရာမှာ သုံးသွားသလို တီယာဂိုဆေးလ်ဗားက လူစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။
ချဲလ်ဆီးဟာ ကန်တီ၊ ဂျော်ဂျင်ဟို၊ ကိုဗာဆစ်ကွင်းလယ်အတွဲနှင့် ပွဲထွက်ခဲ့ပေမယ့် လည်း လီဗာပူးကို အသာစီး ရရှိခဲ့ခြင်းမရှိပါဘူး။ လီဗာပူးဟာ ပထမပိုင်းမှာကတည်းက ချဲလ်ဆီးကစားကွက်ကို ချုပ်နိုင်ခဲ့ပြီး ပွဲကို လိုသလို အတင်အချလုပ် ကစားသွားခဲ့ပါတယ်။
လီဗာပူးဟာ ပွဲချိန် ၁၃ မိနစ်မှာဘဲ ချဲလ်ဆီးဂိုးသမားကီပါဟာ စတင် ဖိအားပေးခံခဲ့ ရပါတယ်။ သူဟာ ဂိုးရှေ့မှ ပြေးထွက်ကာ တားဆီးရန် ကြိုးပမ်းခဲ့ပြီး ဆာလက်ရဲ့ ဖြတ်တင်ဘောကို ခရစ္စတီယန်ဆင် ဖြတ်တောက် နိုင်ခဲ့သလိုသာ သက်သာရာရခဲ့တာပါ။ မဟုတ်ရင် ဖာမီနိုက အပိုင် ပိတ်သွင်း ယူရုံပါပဲ။ ပွဲချိန် နာရီဝက်စွန်းစွန်းမှာ တီမိုဝါနာဟာ ချဲလ်ဆီးရဲ့ ပထမဆုံး ဂိုးကန်ခွင့် အခွင့်အရေးအဖြစ် ဧရိယာထိပ်ကနေ ကန်ခဲ့ပေမယ့် ကန်လွဲသွားခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအတွက် ကံဆိုးတာကတော့ ပွဲပြီးခါနီးမှာ ဟင်ဒါဆင်ရဲ့ ဘောလုံးပေးပို့မှုကို ဆာနေးနှင့် အပြိုင် ပြေးစဉ် ဖက်လှဲချခဲ့တဲ့ ခရစ္စတီယန်ဆင် အထုတ်ခံခဲ့ရပါတယ်။ သူဟာ အစပိုင်းမှာ အဝါကတ်ဘဲ အပြခံရပေမယ့် VAR ကြည့်ပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ တစ်ယောက် အသာနဲ့ ကစားရတဲ့ လီဗာပူးဟာ ချဲလ်ဆီးကို စိတ်ကြိုက် ထိန်းချုပ် ကစားကာ အနိုင်ဂိုးတွေ ရရှိခဲ့ပါတယ်။ ပွဲချိန် မိနစ် ၅၀ မှာ မာနေးက ဖာမီနိုရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ပြီး လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာ ချဲလ်ဆီးဂိုးသမားကီပါရဲ့ ဘောလုံးပေးပို့မှုကို မာနေးကဘဲ ဖြတ်ယူကာ လီဗာပူးအတွက် ဒုတိယအနိုင်ဂိုးအား အပိုင်ကန်သွင်းယူခဲ့ပါတယ်။ ဖိအားများကြုံနေရတဲ့ ကီပါဟာ လုံးဝ မမှားသင့်တဲ့အမှားကို ကျူးလွန်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ မာနေ တည့်တည့်နီးပါး အနီးကပ် လူပေးပို့မှု အမှားလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာ ဝါနာကို ဧရိယာအတွင်းမှာ တီယာဂိုက ကိုယ်ဖြင့် တိုက်ကာ တွန်းလှဲတယ်ဆိုပြီး ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ ယင်းပင်နယ်တီကို ဂျော်ဂျင်ဟို ကန်ခဲ့ရာမှာ လီဗာပူးဂိုးသမားအလီဆင်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဂျော်ဂျင်ဟို ဟာ ချဲလ်ဆီးသို့ ရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီ လွဲခဲ့တာ လည်း ဖြစ်ပါတယ်။

ဒီပွဲအရှုံးကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ တတိယမြောက် အိမ်ကွင်းအဖွင့်ပွဲ ရှုံးနိမ့်မှုနှင့်ကြုံခဲ့ရပါတယ်။ ၎င်းတို့ဟာ ၁၉၉၃-၉၄ မှာ ဘလက်ဘန်းနှင့် ၂၀၁၇-၁၈ တို့မှာ ဘန်လေတို့ကို ရှုံးနိမ့်ပြီးနောက် ယခု လီဗာပူးကို ထပ်ရှုံးခဲ့တာပါ။ လီဗာပူးကတော့ ကလော့ပ်လက်ထက် ချဲလ်ဆီးနှင့် အဝေးကွင်းမှာ ရလဒ်ကောင်း ရယူထားတဲ့မှတ်တမ်းကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ကလော့ပ် လက်ထက်မှာ ချဲလ်ဆီးနှင့် ပရီးမီးယားလိဂ်အဝေးကွင်း ခြောက်ပွဲ ကစားခဲ့ရာမှာ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးမှတ်တမ်းကောင်း ရယူထားနိုင်ခဲ့ပါတယ်။
ပွဲထွက် လူစာရင်း
ချဲလ်ဆီးလူစာရင်း (၄-၃-၃)
ဂိုး – ကီပါ။
နောက်တန်း – ဂျိမ်းစ်၊ ခရစ္စတီယန်ဆင်၊ ဇူးမား၊ အလွန်ဆို။
အလယ်တန်း – ကန်တီ၊ ဂျော်ဂျင်ဆင် (ဘာကလေ ၇၉ မိနစ်)၊ ကိုဗာဆစ် (အေဘရာဟမ် ၇၉ မိနစ်)။
ရှေ့တန်း – မောင့်၊ ဟာဗတ်ဇ် (တိုမိုရီ ၄၅ မိနစ်)၊ ဝါနာ။
လီဗာပူး လူစာရင်း (၄-၃-၃)
ဂိုး – အလီဆင်။
နောက်တန်း – အလက်ဇန္ဒားအာနိုး၊ ဖေဘင်ဟို၊ ဗန်ဒိုက် ၊ ရောဘတ်ဆင်။
အလယ်တန်း – ကီတာ (မီလ်နာ ၆၄ မိနစ်)၊ ဟင်ဒါဆင် (တီယာဂို ၄၅ မိနစ်)၊ ဝီနယ်ဒမ်။
ရှေ့တန်း – ဆာလက်၊ ဖာမီနို (မီနာမီနို ၈၆ မိနစ်)၊ မာနေး။