မာတီနက်ဇ်ရဲ့ အချိန်ပိုသွင်းဂိုးနဲ့ ဥရောပစူပါဖလားချန်ပီယံ ဘိုင်ယန်မြူးနစ်

ပွဲရလဒ်

ဘိုင်ယန်မြူးနစ် – ၂

ဂိုရက်ဇ်ကာ (၃၄)၊ မာတီနက်ဇ် (၁၀၄)

ဆီဗီလာ – ၁

အိုကမ်ပို့စ် (၁၂ ပင်)

ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ်ဟာ ဘူဒါပတ်စ်မှာ ပရိသတ် ၁၅၁၈၀ ရှေ့မှောက်မှာ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာကို အနိုင်ယူပြီး ယူအီးအက်ဖ်အေ စူပါဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

ယခု ပွဲစဉ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ဘောလုံးပွဲများကို တံခါးပိတ် ကစားရပြီးနောက် ဥရောပဖလားပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပရိသတ် ဝင်ရောက် ကြည့်ခွင့်ပေးခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲမှာ ရှော်လ်ကေးကို ၈-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ ဘိုင်ယန်မြူးနစ်ဟာ ယခုပွဲမှာ အယ်ဖွန်ဆိုဒါးဗီးစ်၊ ဘိုတန်းတို့ကို အရန်စာရင်းမှာ ထည့်သွင်းခဲ့ပြီး ဂနာဘရီ၊ ကမ်မစ်ချ်၊ မူလာ၊ ဆာနေး၊ လီဝန်ဒေါ့စကီးတို့ နဲ့ပွဲထွက်ခဲ့ပါတယ်။ ဆီဗီလာမှာလည်း ဘာစီလိုနာကနေ ပြန်ရောက်လာတဲ့ ရာကီတစ် ပါဝင်လာပြီး နာဗက်စ်၊ ခွန်ဒီ၊ ဒီဂျောင်၊ အိုကမ်ပို့စ်စတဲ့ အဓိကကစားသမားများနှင့် ပွဲထွက်လာခဲ့ပါတယ်။

ယခုပွဲမှာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်မှူးလီဝန်ဒေါ့စကီးဟာ သူ့ရဲ့ အကောင်းဆုံး နေရာယူမှုကို ပြသသွားနိုင်ဆဲဖြစ်သလို အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဆဲဆိုတာကို လည်း ပြသသွားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးကနေ ပြောင်းလာတဲ့ ဆာနေးဟာလည်း နေရာပေါင်းစုံကနေ ဆီဗီလာကို ခြိမ်းခြောက်သွားခဲ့ပါတယ်။ အထူးသဖြင့် ယခုပွဲမှာ ဘိုင်ယန်မြူးနစ်ရဲ့ အနိုင်ရလိုစိတ်ပြင်းထန်မှု၊ ပွဲချိန်ပြည့် အားကုန်ကစားမှုစတာတွေကို ဆက်လက်မြင်တွေ့ခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ယခုပွဲအနိုင်ကြောင့် ၃၂ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက် ရေးထိုးသွားခဲ့ပြီး ဆီဗီလာကတော့ ၂၁ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်သွားခဲ့ပါတယ်။

ပွဲအစပိုင်းမှာ နှစ်သင်းစလုံး အလျှင်အမြန်နဲ့ ထိုးဖောက် တိုက်စစ်ဆင်ကစားရန် ကြိုးပမ်းခဲ့ကြပြီး ပွဲချိန် ၁၃ မိနစ်မှာ ဆီဗီလာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဧရိယာထဲမှာ အပိုင်အခွင့်အရေးရခဲ့တဲ့ ရာကီတစ်ကို အလာဘာက တွန်းလှဲတယ်ဆိုပြီး ဆီဗီလာတို့ ပင်နယ်တီ ရရှိခဲ့ပါတယ်။ ယင်းပင်နယ်တီကို လူးကပ်စ်အိုကမ်ပို့စ်က အပိုင်ကန်ကာ ဦးဆောင်ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ဘိုင်ယန်မြူးနစ်ဟာ တိုက်စစ်ကို ပိုမိုအရှိန်မြှင့်ကစားလာခဲ့ကာ ပွဲချိန် ၂၁ မိနစ်မှာ လီဝန်ဒေါ့စကီးရဲ့ ဖြတ်တင်ဘောကနေ မူလာ အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော် သွားခဲ့ပါတယ်။ ပွဲချိန် ၂၅ မိနစ်မှာလည်း မူလာရဲ့ ခင်းပေးမှုကနေ ညာနောက်ခံလူ ပါဗတ် အပိုင်ကန်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့ပါတယ်။ ပွဲချိန် ၂၉ မိနစ်မှာလည်း လီဝန်ဒေါ့စကီး အပိုင်ကန်ခွင့်ရခဲ့ပေမယ့် ဂိုးတည့်တည့်ကန်မိခဲ့လို့ ဘိုင်ယန်တို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာတော့ ဘိုင်ယန်တို့ ချေပဂိုး ရရှိသွားပါတယ်။ လီဝန်ဒေါ့စကီးရဲ့ ချပေးမှုကနေ ဂိုရက်ဇ်ကာက ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘိုင်ယန်မြူးနစ်ကဘဲ အနိုင်ဂိုး ရရှိရေးအတွက် ဆီဗီလာကို အဆက်မပြတ် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၅၀ မိနစ်မှာ ဆာနေးရဲ့ ပေးပို့မှုကနေ လီဝန်ဒေါ့စကီးက မူလာဆီကို ခေါင်းတိုက်ချပေးပြီး မူလာကနေ ပြန်ခင်းရာမှတဆင့် လီဝန်ဒေါ့စကီးက အနီးကပ်ပိတ်သွင်းကာ ဒုတိယဂိုးသွင်းခဲ့ပေမယ့် VAR ပြန်စစ်ဆေးမှုအရ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ ဘိုင်ယန်တို့ နစ်နာခဲ့ရပါတယ်။ ယင်းနောက်ပိုင်းမှာလည်း ဘိုင်ယန်တို့ တိုက်စစ်က ကြောက်ခမန်းလိလိ ကောင်းမွန်ခဲ့ကာ လီဝန်ဒေါ့စကီး၊ ဆာနေး၊ ဂနာဘရီအခွင့်အရေးတွေ ရရှိခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့လို့ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျကာ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပို ၁၀၄ မိနစ်မှာတော့ အလာဘာရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်လိုက်ရာကနေ လူစားဝင်လာတဲ့ မာတီနက်ဇ်က ခေါင်းတိုက်ပြီး ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ပွဲထွက် လူစာရင်း (၄-၂-၃-၁)

ဘိုင်ယန်မြူးနစ် လူစာရင်း

ဂိုး – နျူအာ။

နောက်တန်း – ပါဗတ်၊ ဆူး၊ အလာဘာ (ဘိုတန်း ၁၁၂)၊ ဟာနန်ဒက်ဇ် (မာတီနက်ဇ် ၉၉)။

အလယ်တန်း – ဂိုရက်ဇ်ကာ(ဒါးဗီးစ် ၉၉)၊ ကမ်မစ်ချ်၊ ဂနာဘရီ၊ မူလာ၊ ဆာနေ(တိုလစ်ဆို)။

ရှေ့တန်း – လီဝန်ဒေါ့စကီး။

ဆီဗီလာ လူစာရင်း (၄-၃-၃)

ဂိုး – ဘိုနို။

နောက်တန်း – နာဗက်စ်၊ ခွန်ဒီ၊ ဆန်းတို့စ်ဆေးလ်ဗား၊ အက်စ်ကူဒီရို။

အလယ်တန်း – ဂျော်ဒန် (ဗက်ဇ်ကွက်ဇ် ၉၆)၊ ဖာနန်ဒို၊ ရာကီတစ်(တောရက်စ် ၅၆)။

ရှေ့တန်း – အိုကမ်ပို့စ်၊ ဒီဂျောင် (အန်နက်စ်ယီ ၇၃)၊ ဆူဆို (ဂူဒယ် ၇၃)။

Facebook Comments Box
Facebook Comment