မာတီနက်ဇ်ကို ခေါ်ယူရန် ဘာစီလိုနာ နောက်ဆုံးအကြိမ် ကမ်းလှမ်းမည်

ဘာစီလိုနာအသင်းသည် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို နောက်ဆုံးအကြိမ်အဖြစ် ကမ်း လှမ်းရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ မာကာက ဖော်ပြသည်။

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းသည် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့တော့မည့် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ နေရာတွင် အာဂျင်တီးနားလက်ရွေးစင် မာတီနက်ဇ်နှင့် အစားထိုးရန် ပြင်ဆင်ထားသည်။

အသက် ၂၃ နှစ်အရွယ် မာတီနက်ဇ်သည် ဆွာရက်ဇ်ထက် ၁၀ နှစ်ငယ်သလို မက်ဆီနှင့်လည်း အာဂျင်တီးနားအသင်းတွင် အတူတွဲကစားဖူးသောကြောင့် ကိုးမန်းက ခေါ်ယူလိုနေခြင်းဖြစ်သည်။

၎င်းသည် ၂၀၁၈ ခုနှစ်တွင် အာဂျင်တီးနားကလပ် ရေးဆင်းမှ ပေါင် ၂၂ ဒသမ ၇ သန်းဖြင့် ရောက်ရှိလာပြီး နောက် အင်တာမီလန်အတွက် ပြိုင်ပွဲစုံ ၈၄ ပွဲတွင် ၃၀ ဂိုး သွင်းယူထားသည်။

ဘာစီလိုနာသည် အာဂျင်တီးနားအတွက် ၁၇ ပွဲတွင် ၉ ဂိုးသွင်းထားသော မာတီနက်ဇ်ကို ယခင်က ကမ်းလှမ်းဖူးသော်လည်း မီလန်အခြေစိုက်ကလပ်က ပယ်ချခဲ့သည်။

ဘာစီလိုနာတိုက်စစ်ကို ပြန်လည်ပြင်ဆင်မည့် ကိုးမန်းသည် မာတီနက်ဇ်အတွက် နောက်ဆုံးအကြိမ် ကမ်း လှမ်းရန် ပြင်ဆင်ထားသော်လည်း ပြောင်းရွှေ့ကြေးပမာဏကိုမူ ဖော်ပြခြင်းမရှိပေ။

ယမန်နှစ်ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့သည့် ဘာစီလိုနာသည် ယခုဘောလုံးရာသီအတွက် ဂျူဗင်တပ်စ်ကွင်းလယ်လူ ပယန်နစ်ကို ယူရို သန်း ၆၀ ဖြင့် ခေါ်ယူထားသလို ကိုးမန်းက နယ်သာလန် လက်ရွေးစင်အသင်း တွင် လက်တွဲဖူးသည့် လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်ဒမ်ကိုလည်း စိတ်ဝင်စားနေသည်။

Ref:Marca

Facebook Comments Box
Facebook Comment