
မာဆေးဆိုက်ဒ်ဒါဘီနဲ့ ကြွေတက်နေတဲ့ အဲဗာတန်
- ထွန်းထွန်းဦး(လှိုင်)
နိုင်ငံတကာပွဲတွေ ကစားပြီးတိုင်း အင်္ဂလန်ပရီးမီးယားလိဂ် တစ်ကျော့ပြန်ဝင်လာတဲ့အခါ အသင်းကြီးတွေ အခြေအနေ ကောင်းတတ်ကြပါသလား …
မေးခွန်းသတ်ပြီဆရာ..
ဟုတ်ပါတယ်။ ဒီဇာတ်လမ်းတွေ သတိထား တေးမှတ်ထားရမယ်။ ခရီးပန်းတာတွေ၊ ကစားသမားတွေ ခြေကုန်လက်ပန်းကျတာတွေဟာ ပရီးမီးယားကလပ်တွေမှာ ရှိတတ်ကြသေးတာပဲလေ။
ပြီးခဲ့တဲ့တစ်ပတ်မှာ ပရီးမီးယားပွဲတွေခဏနားပြီး နိုင်ငံတကာပွဲတွေ အစားထိုးပေးထားတယ်။ အဲ့ဒီမှာ အင်္ဂလန်အသင်းဟာ ၄ ရက်ခြားပြီး ၂ ပွဲကစားထားတယ်။
ဝေးလ်စ်နဲ့ ခြေစမ်းပွဲ၊ ပြီးတော့ ဘယ်လ်ဂျီယံနဲ့ NATIONS LEAGUE ၊ အားလုံးအနိုင်ရထားသလို အိမ်ကွင်းဖြစ်တဲ့ ဝင်ဘာလေမှာ ကစားထားရလို့ အင်္ဂလန်အသင်းသားတွေ ခရီးဝေးထွက်ရတာမျိုး မရှိတဲ့အတွက် စိတ်သက်သာရာ ရပေမယ့် ပရီးမီးယားကလပ်အသင်း ၂၀ မှာ ရှိနေကြတဲ့ အခြားနိုင်ငံခြားသား ကစားသမားတွေအဖို့တော့ ခရီးပန်းတာမျိုး ခံရနိုင်သေးတာပဲမဟုတ်လား။
ထားပါ၊ ခဏခဏ ပြောရတော့လည်း ရိုးနေမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီတစ်ပတ်ပြန်လာမယ့် ပရီးမီးယားပွဲတော်မှာ ပွဲကောင်းတွေ အတော်လေးပါနေတယ်။

မာဆေးဆိုက်ဒါဘီပွဲဖြစ်တဲ့ အဲဗာတန်-လီဗာပူး အပါအဝင် ပရီးမီးယားလိဂ် အသင်းကြီး အချင်းချင်းတွေ့ကြမယ့် မန်စီးတီး – အာဆင်နယ်ပွဲတွေက သူ့ဟာနဲ့သူ ဖမ်းစားထားပြန်တယ်။
PAY-PER-VIEW ကိစ္စတွေနဲ့ ရှုပ်နေတဲ့ပရီးမီးယားဟာ ဒီမှာတော့ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ကန်ဖို့သာ အရေးကြီးတဲ့ စနေနဲ့ တနင်္ဂနွေပွဲတွေသာ အပတ်စဉ် ကစားဖြစ်နေဖို့ပဲလိုပါတယ်။
ကျန်တာက ကိုယ်တွေနဲ့ လားလားမှမသက်ဆိုင်ပါဘူး။ ပွဲဖြစ်ရင် စိတ်ဝင်စားဖို့ကောင်းမယ့် ကိန်းဂဏန်းအောက်က ရင်ခုန်သံတွေကသာ အားလုံးအတွက် စိတ်လှုပ်ရှားစရာဖြစ်နေတယ် မဟုတ်ပါလားခင်ဗျာ။
ကျွန်တော်ကတော့ ဒီတစ်ပတ်မှာ စိတ်ဝင်စားမိလို့ ပြောဖြစ်ချင်တာက အဲဗာတန်ပါ၊ သူတို့တွေဟာ အိမ်ကွင်း-အဝေးကွင်းမရွေး မိနစ် ၉၀ စာ သတ်ကွင်းထဲ ခဏခဏ ဝင်လာပြီး ကွင်းထဲက ပြန်ထွက်တိုင်းမှာ စာကျေတဲ့ ကလေးတွေလို ၃ မှတ်တန် ဂုဏ်ထူးမှတ်တွေကို အန်ဆယ်လော့တီလက်ထက်မှာ အရယူပြနေတာ ၄ ပွဲတောင်ရှိနေပြီ။
အရှုံးမရှိကမ္ဘာကို တည်ဆောက်နေတာများ သိပ်ကြည့်ကောင်းတာပါပဲ။ ဗီလာနဲ့ လိဒ်စ်ယူနိုက်တက်တို့လိုမျိုး သူတို့တွေ ထွန်းကားလင်းလက်နေပုံက သိပ်သဘောကျစရာပါ။
ဘာပဲဖြစ်ဖြစ် အနေအထားတစ်ခုကို အန်ဆယ်လော့တီ တွန်းတင်နိုင်မလားဆိုတာ ဒီတစ်ပတ် မာဆေးဆိုက်ဒ် ဒါဘီမှာ ကြည့်ဖြစ်တယ် ဆိုတာပါပဲ။
ဘာကြောင့်လဲဆိုတော့ အန်ဆယ်လော့တီလက်ထက်မှာ အဲဗာတန်ဖြစ်တည်မှုဟာ သိပ်ကြည့်ကောင်းနေခဲ့တယ်။ စုဆောင်းထားတဲ့ လူသစ်တွေနဲ့ လူဟောင်းတွေရဲ့ ပေါင်းစပ်မှုဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်း မဆန်သလိုမျိုးပဲ။

တကယ်တော့ အန်ဆယ်လော့တီဟာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်လာတဲ့ နည်းပြပါ။ ချယ်လ်ဆီးနဲ့ ပရီးမီးယား ချန်ပီယံအရသာ အထိအတွေ့ကို ကောင်းကောင်းသိထားတော့ ဒီကမ္ဘာမှာ ဘာလုပ်ရင် ဘာဖြစ်နိုင်သလဲဆိုတာ သိနေခဲ့သလားပါပဲ။
သိလည်း သိကောင်းသိနေလိမ့်မယ်။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် အနေထားတစ်ခုအရတော့ နာမည်ကြီးလိဂ် ၅ ခုမှာ ကျင်လည်ဖြတ်သန်းရင်း အောင်မြင်တဲ့ ဆုဖလားတွေကို သိမ်းပိုက်ခဲ့ဖူးတဲ့ ဂုရုနည်းပြတစ်ယောက် ဖြစ်နေတာကြောင့် သူဟာ အသက်အရွယ်အရ ကြီးရင့်ကောင်း ကြီးရင့်နေလိမ့်မယ်။
ဒါပေမဲ့ ခေတ်သစ်ဘောလုံးလောကနဲ့ ထိတွေ့မှု မပြတ်စတမ်း ရှိနေတဲ့ မော်ဒန်ဘောလုံး နည်းပြတွေထဲက တစ်ယောက်လိုဖြစ်နေတာ မဆန်းတော့သလိုပါပဲ။
ဘွန်ဒက်စ်လီဂါမှာ တစ်နှစ်၊ နာပိုလီမှာ တစ်နှစ်၊ အခု အဲဗာတန်ကိုလာပြီး ပရီးမီးယားလိဂ်နဲ့ တည့်တည့်တိုးရင်း ဖြစ်တည်မှုကို နောက်တစ်ခါ ဆုဖလားနဲ့တိုးဖို့ ပြင်ဆင်ခဲ့တာ ယုံဖွယ်တောင် မရှိခဲ့ဘူး။
အထူးသဖြင့် အီတလီ နည်းပြဂုရုဟာ ဥရောပ နာမည်ကျော်လိဂ် ၅ ခုမှာ ကျင်လည်ခဲ့ဖူးသူဖြစ်သလို သူ့နောက်မှာရှိနေတဲ့ ရဖူးတဲ့ ဆုဖလားအရေအတွက်ကလည်း ကစားသမားတွေကို လေးစားယုံကြည်ရာအဖြစ် ရှိနေခဲ့တာကြောင့် ဘယ်နာမည်ကျော် ကစားသမားခေါ်ခေါ် သူသာ အသံပေးလိုက်ရင် တန်းပြေးလာမယ့်သူတွေချည်းပါပဲ။
ဒါတွေကြောင့် အဲဗာတန်ကို သူရောက်တာနဲ့ အသင်းမှာ လိုအပ်မယ်ထင်တဲ့သူတွေကို သေချာပြင်ဆင် ခေါ်ခဲ့တာပေါ။
ပြီးတော့ လူတွေ မေ့နေတဲ့ အချက်တစ်ချက် ရှိသေးတယ်။ အဲ့ဒါကတော့ သူဟာ လက်ရုန်း လက်ထောက်နည်းပြတွေကို အားကိုးတတ်တယ်။
အသင်းတစ်သင်းဆီ ရောက်တော့မယ်ဆိုရင် အဲ့ဒီအသင်းရဲ့လက်ထောက်နည်းပြဆိုတာကို အရင်ကြည့်တယ်။ အစဉ်အလာနဲ့ လုပ်ကိုင်ပုံကို သုံးသပ်တယ်။

အခုလည်း အဲဗာတန်မှာ သူသဘောကျတဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကို ပိုင်ဆိုင်ထားတဲ့ ဒေါသအိုး ဖာဂူဆန်ရှိတယ်။
သူဟာ သူ့ခေတ်မှာ တိုက်စစ်သမားကောင်း၊ ခေါင်းတိုက်ကောင်းတယ်၊ “ဇ”ရှိတယ်။ ဒေါသနဲ့ နိုင်လိုစိတ်ပြင်းပြတယ်။ အဲ့ဒါဟာ အသင်းတစ်သင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အရာပါ။
ဒီလိုလူမျိုး လက်ထောက်နည်းပြ ဖြစ်လာတဲ့အခါ အန်ဆယ်လော့တီအတွက် အင်္ဂလန် ကစားသမားတွေကို ထိန်းချုပ်ဖို့ အကောင်းဆုံးလူလို့ မြင်တယ်။ အရင်နည်းပြအဆက်ဆက်မှာလည်း ဖာဂူဆန်ဟာ တာဝန်ယူပြီး ပွဲကြီးကြပ်ခဲ့ပေးဖူးတာတွေ ရှိသလို၊ ယာယီနည်းပြချုပ်အဖြစ်ပါ တာဝန်ထမ်းခဲ့ဖူးပြီး ရလဒ်ကောင်းခဲ့တာတွေ ရှိတယ်။
ဒါကြောင့် သူ့ဘေးမှာ ဒန်ကန်ဖာဂူဆန်ကို ခေါ်ထားလိုက်တယ်။ ပိုကောင်းသွားတာက ကဲဗတ်လီဝင်အတွက်ပါ။ ဆိုက်တူ၊ ဂိုက်တူ သားတပည့်ကို ဒန်ကန်ဖာဂူဆန်က သူ့ခြေရာအတိုင်း နင်းနိုင်အောင် သေချာပြင်ဆင်ပေးခဲ့နိုင်တယ်။
နှစ်အနည်းငယ်အတွင်းမှာ ဒီချာတိတ် တိုးတက်လာတာမြန်တယ်။ ရပ်ရှ်ဖို့ဒ်တို့လိုမျိုး နေရာရတာနဲ့ ပေးတဲ့အလုပ်ကို ကျေပွန်အောင်လုပ်နိုင်တယ်။

သူ နေရာယူပုံ၊ ဂိုးကန်သွင်းပုံနဲ့ ခေါင်းတိုက်ချက်တွေက ဒန်ကန်ဖာဂူဆန် ဘောလုံးသမားဘဝကို သွားသတိရစေတယ်။
အခုတော့ ကဲဗတ်လီဝင်ဟာ အန်ဆယ်လော့တီတည်ထားတဲ့ ၄-၃-၃ ကစားကွက်ထဲမှာ အထောင်တိုက်စစ်သမား၊ သူ့ကို ဘေးမှာရံပေးထားတာက ဂျိမ်းစ်လို အတွေ့အကြုံရင့် တိုက်စစ်သမားနဲ့ လူငယ်ခြေတက် ရစ်ချာလီဆန်။
သိပ်မြန်ပြီး တိကျတဲ့တိုက်စစ်တွေကို ဖန်တီးနိုင်ကြသူတွေဆိုတော့ ကဲဗတ်လီဝင်အတွက် တာဝန်ယူရတဲ့ အနေအထားက ခါတိုင်းနှစ်တွေကထက် ပိုပေါ့သွားတယ်။
ခါတိုင်းဆိုရင် တိုက်စစ်မှာ ဂိုးသွင်းဖို့ရော၊ ဖန်တီးဖို့ရောအပြင် ခံစစ်ပါ လိုက်ဖျက်ရတဲ့အထိ တာဝန်များခဲ့တယ်။ အခု ရော်နယ်ကိုးမန်းခေတ်အလွန် အန်ဆယ်လော့တီလက်ထဲမှာတော့ လီဝင်အတွက် ဝန်ပေါ့သွားစေသလို ဂိုးသွင်းဖို့တာဝန်ကို အာရုံအပြည့်စိုက်နိုင်လာတယ်။
အဲ့ဒါကလည်း အဲဗာတန် အခုလိုမျိုး နိုင်ပွဲတွေကို ရာနှုန်းပြည့်ဆက်နေနိုင်တဲ့ အချက်လို့ဆိုရမယ်။
ပြီးတော့ လူသစ်တွေထဲမှာဆိုရင် ဒိုကိုရီလို လုပ်အားရှိပြီး ကစားဖော်တွေကို မောင်းနှင်နိုင်စွမ်းပါ ရှိတဲ့သူကို ခေါ်ထားနိုင်လိုက်တာ သိပ်ကောင်းတယ်။ ဆီဂတ်ဆန်တို့လို အသက်ထောက်လာတဲ့သူတွေအဖို့ တာဝန်ခွဲပေးနိုင်တယ်လေ။
စိတ်ထည့်ကစားပြီး နိုင်လိုစိတ်နဲ့ အရှုံးမပေးလိုတဲ့ ဟန်တွေကို ပိုင်ဆိုင်တဲ့ ဒေးဗီးစ်အတွက်ရော ကောင်းသွားတယ်။ လုပ်အားနှုန်းတွေ ညီသွားတဲ့အတွက် အဲဗာတန် ကွင်းလယ်ဟန်ချက်က မဆိုးလှတဲ့ အနေအထားနဲ့ မိလာတယ်။

နိုင်ပွဲတွေဆက်နေတော့ ကစားဟန်နဲ့ စုပေါင်းစိတ်ဓာတ်မှာ ယုံကြည်မှုပါ အဆစ်တိုးရစေတယ်ပေါ့နော်။ အန်ကိုအန်ကူ၊ ဂေါ့ဖရီ၊ ဟော့ဘတ်ဂျ်၊ အယ်လန် စတဲ့လူတွေပါ ရောက်နေတော့ အဲဗာတန် လိုအပ်ချက်တွေက ပြီးပြည့်စုံသလောက် ဖြစ်သွားတယ်။
ဒီရာသီအတွက် မျှော်စရာက ပြည်တွင်းဖလားတွေပဲရှိတယ်။ အဲ့ဒီအပေါ်မှာ အန်ဆယ်လော့တီက အကောင်းဆုံးအခွင့်အရေးကို အရယူဖို့ ချောင်းနေတယ်။
အသင်းကြီးတွေနဲ့ ထိပ်တိုက်ဆုံထားတာ မရှိသေးဘူး။ ဒါပေမဲ့ စပါးကို နိုင်ထားလိုက်တာတော့ ရှိတယ်။ ဒါကြောင့် ထိပ်ဆုံးရောက် အသင်းတစ်သင်းအတွက် အရှုံးမရှိသေးတဲ့ကာလမှာ မာဆေးဆိုက်ဒ်က မြို့ခံပြိုင်ဘက် လီဗာပူးနဲ့ ဒီတစ်ပတ်အဖွင့်မှာတင်လာဆုံလို့ အကြိတ်အနယ်ရှိမယ်။
တွေ့တိုင်းလည်း အမှားမရှိအောင် ကစားပြနိုင်တယ်။ နိုင်လောက်တဲ့အထိ ပရိသတ်တွေကို ဖြေဖျော်မှုပေးနိုင်ပေမယ့် ဂိုးသမား ပစ်ဖို့ဒ် လက်မမြဲတဲ့ကိစ္စကြောင့် ရနိုင်မယ့်အမှတ်ပြည့်တွေ ဆုံးရှုံးခဲ့ရဖူးတာ မှတ်မိနေသေးတော့ ဒီတစ်ခါမှာ အန်ဆယ်လော့တီ လီဗာပူးနဲ့အတွေ့ ဘယ်လိုမျိုး ဖြေရှင်းမလဲ။
လီဗာပူးကလည်း အထိနာထားတဲ့ ကြိုးကြာဖြစ်နေတော့ ဂွတ်ဒီဆင်ပါ့ခ်မှာတော့ ဒီပွဲက ကြည့်ကောင်းနေလိမ့်မယ်။ အဲဗာတန်အတွက်တော့ ကဲဗတ်လီဝင် ပွဲမပန်းဖို့ လိုသလို အထိမနာဖို့လည်း လိုတယ်။
ဒဏ်ရာရ ကစားသမားတွေကလည်း အဲဗာတန်ထက် လီဗာပူးက အဓိကကျတဲ့ သူတွေ ဘေးထွက်ထိုင်နေရတာများနေတာကြောင့် ဒီပွဲမှာ ကလော့ပ်နဲ့ အန်ဆယ်လော့တီ၊ အန်ဆယ်လော့တီနဲ့ ကလော့ပ်တို့ရဲ့ ခေါင်းချင်းယှဉ် အားပြိုင်မှုက တကယ့်ကို စိတ်ဝင်စားဖွယ်ရာ ဖြစ်နေပါတော့တယ်။
အထူးသဖြင့် အသင်းကြီးတွေ မျက်စိကျလောက်တဲ့အထိ ခြေစွာလာနေတဲ့ ကဲဗတ်လီဝင်ဟာ ဂိုးသွင်းဘုရင်အဖြစ် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်မလားပဲ။ ပြီးတော့ အဲဗာတန်ရဲ့အိမ်ကွင်းမှာ CLEAN SHEET မရသေးတဲ့ ခံစစ်ကြောင်း လုံခြုံရေးဟာ လီဗာပူးထိုးစစ်နဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်လောက်အထိများ SAVE ဖြစ်နိုင်မလဲ။
ဟုတ်တယ်။ EPL ပွဲတိုင်း အဲဗာတန်အတွက် ပွဲထွက်ပေးနေကျဖြစ်တဲ့ ခံစစ်က ကိန်း၊ မီနာ၊ ဒစ်ဂ်နေးနဲ့ ကိုးလ်မန်းတို့ဟာ မြို့ခံပြိုင်ဘက် ပရီးမီးယားချန်ပီယံ လီဗာပူးတိုက်စစ်ကို လှုပ်ရှားခွင့်မသာအောင် တားဆီးပေးနိုင်မလား။
ပြီးတော့ လီဗာပူးခံစစ်ကို ထိုးဖောက်ဖို့အတွက် ပွဲတိုင်းကျော် တိုက်စစ်အတွဲဖြစ်တဲ့ ၄-၃-၃ ကစားကွက်။ ရှေ့ဆုံးက ဂျိမ်းစ်၊ လီဝင်နဲ့ ရစ်ချာလီဆန်တို့ရဲ့ ထိုးဖောက်ကန်သွင်း ခေါင်းတိုက်ချက်တွေဟာ မာဆေးဆိုက်ဒ် ဒါဘီလမ်းကြားထဲမှာ ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ် ဘယ်လောက်အထိ မြင့်တက်စေမလဲဆိုတာ ကြည့်ဖို့ဖြစ်လာပါတော့တယ်။