မာဆင်ဂရင်းဝုဒ်နှင့်ဖီးလ်ဖိုဒင်တို့ လာမည့် အင်္ဂလန်၏ပွဲလေးပွဲအထိ လွဲချော်နိုင်

ဖီးလ်ဖိုဒင်နှင့်မာဆင်ဂရင်းဝုဒ်တို့သည် လာမည့်အင်္ဂလန်၏ပွဲလေးပွဲအထိ လွဲချော်ရ နိုင်ကြောင်း သိရသည်။ အဆိုပါအင်္ဂလန်လက်ရွေးစင်ကစားသမားနှစ်ဦးတို့သည် အင်္ဂလန်အသင်းနှင့်အတူ အိုက်စလန်သို့ ရောက်ရှိနေစဉ်အတွင်း အိုက်စလန်သူမိန်းကလေးငယ်နှစ်ဦးကို ဟိုတယ်သို့ ဖိတ်ခေါ်ကာ ကိုရိုနာဗိုင်းရပ်စ်လမ်းညွှန်ချက်ကို ချိုးဖောက်ခဲ့မှုကြောင့် အင်္ဂလန်သို့ ပြန်ပို့ခံခဲ့ရပြီး ယနေ့ညတွင် ဒိန်းမတ်နှင့်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်သည်။

ဖိုဒင်နှင့်ဂရင်းဝုဒ်တို့နှစ်ဦးသည် အက်ဖ်အေ၏အရေးယူမှုခံရရန် သေချာနေပြီး လာမည့် ဝေးလ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်တို့နှင့်ကစားမည့်ပွဲစဉ်များကိုပါ လွဲချော်ရနိုင်ကြောင်း The Sun က ဖော်ပြသွားသည်။

ဖိုဒင်နှင့်ဂရင်းဝုဒ်တို့သည် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် အိုက်စလန်ရဲတပ်ဖွဲ့၏အိုက်စလန်ခရိုနာ ၂၅၀၀၀၀ (ပေါင် ၁၃၀၀)ဒဏ်ရိုက်ခြင်းခံခဲ့ရသည်။ ၎င်းတို့သည် ယင်းဒဏ်ငွေများကို ကိုယ်ပိုင်ငွေဖြင့် ပေးရမှာဖြစ်ပြီး အက်ဖ်အေက စိုက်ထုတ်ပေးမည်မဟုတ်ချေ။

အသက် ၂၀ နှစ်ရှိ ဖိုဒင်နှင့် အသက် ၁၈ နှစ်ရှိ ဂရင်းဝုဒ်တို့သည် စနေနေ့တုန်းက အိုက်စလန်ကို ၁-၀ဖြင့် အနိုင်ရရှိသည့်ပွဲတွင် အင်္ဂလန်အတွက် ပထမဆုံးပွဲကို ကစားခွင့်ရရှိခဲ့ကြသူများဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အိုက်စလန်သူလေးများကို ဟိုတယ်သို့ ဖိတ်ကြားခဲ့မှုနှင့်အတူ အရေးယူမှုခံရတော့မှာ ဖြစ်သည်။

အဆိုပါအိုက်စလန်သူများလေးများသည် ဖိုဒန်၊ ဂရင်းဝုဒ်တို့နှင့် တွေ့ဆုံမှုအပေါ် အွန်လိုင်းသို့ တင်ခဲ့ရာမှ လူသိရှင်ကြားဖြစ်ခဲ့ရခြင်းလည်း ဖြစ်သည်။

ယင်းဖြစ်ရပ်အတွက် အိုက်စလန်သူ အသက် ၂၀နှစ်ရှိ မော်ဒယ် နာဒီယာဆီဖ်လန်ဒယ်က “သူတို့အတွက် အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ သူတို့ကို ဒီလို ဖြစ်အောင် တမင်လုပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့ ကွာရန်တင်း ဝင်နေရတယ်ဆိုတာကိုလည်း မသိဘူး။ သိရင် ကျွန်မတို့ သွားဖြစ်မှာ မဟုတ်ဘူး။ ဖီးလ်ကို ဆိုရင် ဘယ်သူမှန်းတောင် မသိဘူး။ သူဘယ်လဲဆိုတာ မေးကြည့်တော့မှ သိရတာ။ ဘောလုံးအကြောင်း ကျွန်မ သိပ်မသိဘူး။ ဘောလုံးပွဲလည်း မကြည့်ဘူး။ မာဆင်ကို မန်ယူမှာ ကစားတယ်လို့လည်း မသိဘူး”ဟု ပြောကြားသွားသည်။

ဖီးလ်ဖိုဒင်နှင့် ဂရင်းဝုဒ်တို့သည် တနင်္လာနေ့ညတွင် မန်ချက်စတာသို့ သီးသန့် လေယာဉ်ဖြင့် ပြန်ရောက်လာခဲ့ကြသည်။

ဖီးလ်ဖိုဒင်သည် အိုက်စလန်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် အင်္ဂလန်မှ ထုတ်ပယ်ခြင်းခံခဲ့ရမှုအတူ သူ့အတွက် နည်းပြဆောက်ဂိတ်၊ အင်္ဂလန်ကစားဖော်၊ မိသားစုနှင့်မန်စီးတီးတို့ကို တောင်းပန်ထားသည်။

Facebook Comments Box
Facebook Comment