
မအိုသေးသူရဲ့ ဘတ်ဒေးပါတီ
မွေးနေ့ဆိုတာ လူတယောက်အတွက်
ဘယ်တော့မှ မမေ့နိုင်မယ့်
နေ့တနေ့ပဲ။ မိခင်ဝမ်းကကျွတ်ပြီး
လောကကြီးထဲ စတင်
ဝင်လာတဲ့နေ့။ အဲဒီနေ့ကစလို့
မာယာများတဲ့ လောကကြီးထဲ
လေ့လာသင်ကြားရပြီ။
မိဘနှစ်ပါးရဲ့ ပြုစု
ပျိုးထောင်ပေးမှုသာမက
အသက်အရွယ်အလိုက်
ကိုယ်တိုင်လေ့လာသင်ယူမှုတွေလည်း
ပါတာပေါ့။ ဒီကနေတဆင့်
ကိုယ်ဝါသနာပါရာကို
စိုက်လိုက်မတ်တပ်လုပ်ပြီး
လောကကောင်းကျိုး
သယ်ပိုးပေးနိုင်ဖို့
ကြိုးစားကြရတာပဲ။
အများသူငါ စိတ်ကျေနပ်အောင်
သူတို့တတ်တဲ့ပညာနဲ့
ဖျော်ဖြေပေးသူတွေကို
လူတွေက ဘယ်မေ့နိုင်မလဲ။
အနှီပုဂ္ဂိုလ်တွေရဲ့
မွေးနေ့မှာဆို သူ့ကိုသိသူပဲဖြစ်ဖြစ်၊
မသိသူပဲဖြစ်ဖြစ် ကျန်းမာ
ချမ်းသာပါစေကြောင်း
ဆုမွန်တောင်းပေးရတာ အမော။
အဖြူလည်း ပါမယ်။
အမည်းလည်း ပါတယ်။
အဝါကလည်း ဘယ်နေစိမ့်မလဲ။
ဟတ်ပီးဘတ်ဒေးပေါ့။
ဆိုင်ရာဘာသာတရားတွေအလိုက်
ဆုတောင်းပေးသူတွေလည်း
ရှိလေရဲ့။ ဘာကြောင့်
ဒီလောက်အထိ ဖြစ်နေရတာလဲ။
သေချာတာက ဒီလူဟာ
လူတယောက်အပေါ်
နစ်နာသွားအောင်
မလုပ်ခဲ့ဘူး။ သူတပါး
အသိုက်အမြုံ ပြိုကွဲအောင်
မကြံစည်ဘူး။ လူမသတ်ဘူး။
သူ့ရဲ့ လှုပ်ရှားပုံလေးကိုကြည့်ပြီး
ရင်ခုန်ခဲ့ရတယ်။ ဘယ်အချိန်
ဘာလုပ်ပြမလဲဆိုတာ
တထိတ်ထိတ်နဲ့ စောင့်ကြည့်ခဲ့ရတယ်။
သူ့ရဲ့ လက်မှတ်တချက်၊
အင်္ကျီတထည်၊ စကားတခွန်းက
လူပေါင်းများစွာကို
တဒင်္ဂ အသက်ဆက်စေနိုင်တယ်။
အဆိုပါ လူသားက
လီယွန်နယ်မက်ဆီ။ ဒီနေ့က
သူ့ရဲ့ ၃၆ နှစ်ပြည့် မွေးနေ့။
ရိုဆာရီယိုမြို့က
အလယ်အလတ်တန်းစား
မိဘတွေက မွေးဖွားခဲ့သူဟာ
ဘောလုံးကမ္ဘာကို တိမ်းမူးဖွယ်
မှော်အစွမ်းနဲ့ ဖျော်ဖြေနေတာ
ဆယ်စုနှစ် ၂ ခုပြည့်တော့မယ်။
၃၆ နှစ်ဆိုတဲ့အရွယ်က
ဘောလုံးရပ်ဝန်းမှာ
နေဝင်ချိန်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ အာဂျင်တိုင်း
ဂန္ထဝင်ကြီးက အရှုံးမပေးဘဲ
နယ်မြေသစ်မှာတောင်
အောင်မြေနင်းဖို့ ရွေးချယ်ထားတယ်။
ကမ္ဘာကြီးကလည်း အမေရိကမှာ
သူဘာလုပ်ပြနိုင်မလဲဆိုတာ
စောင့်ကြည့်နေတယ်။
လူတယောက်ရဲ့မွေးနေ့ကို
လူသန်းပေါင်းများစွာက
သတိတရရှိတယ်ဆိုတာ
ဒီလူက လောကကောင်းကျိုး
သယ်ပိုးတာကြောင့် အသိအမှတ်
ပြုပေးတဲ့သဘောပဲ။
ဆန့်ကျင်ဖက် လုပ်တဲ့သူတွေကိုတော့
သတိရပေးဖို့ နေနေသာသာ
မြန်မြန်ကြွဖို့ပဲ မေတ္တာပို့ကြမှာ။
ဘာပဲပြောပြော ကျွန်တော်တို့ချစ်တဲ့
လီယို ၄၀ ကျော်ချိန်အထိ
ကစားနိုင်ပါစေ။
အမေရိကန်မှာလည်း
အောင်မြင်ပါစေ၊ နည်းပြလောကထဲ
ဝင်ရင်လည်း အောင်ပွဲခံနိုင်ပါစေ…