မရေးဖြစ်ခဲ့တဲ့ ဘုရားစူးဘောလုံးဆောင်းပါး

မောင်ဖိုးကွန့်

မောင်ဖိုးကွန့်တစ်ယောက်တော့ မနက်အိပ်ယာက နိုးကတည်းက ညှီနံ့နဲ့ နိုးလာခဲ့တယ်။

ညှီနံ့မှ ဟောင်းနွမ်းပုပ်သိုးနေတဲ့ ညှီနံ့. . . ။ ကလေးဘ၀ . . .လူငယ်ဘဝကတည်းက ရခဲ့ဖူးတဲ့ညှီနံ့ . . . ။

ညက ဘောလုံးပွဲတွေကလည်း တော်တော်လေး အခြေအနေဆိုးတဲ့အပြင် ၂ နာရီကျော်မှာ နောက်ဆုံးကစားတဲ့ စပါးပွဲကလည်း လိုင်းတွေထစ် မကြည်မလင်တွေ ဖြစ်လာတာနဲ့ အင်တာနက်ပိတ်ပြီး အိပ်ယာထဲဝင်ခဲ့တာ။

ဘယ်နှစ်နာရီရှိပြီလဲလို့ နာရီကြည့်မိတော့ . . . ဟင် . . . အခုမှ ၉ နာရီပဲရှိသေးတယ် အိမ်ကလူတွေလည်း တိတ်ဆိတ်လို့ပါလား။

ပုံမှန်မဟုတ်တော့ဘူးလို့ စိတ်ထဲမှာ သင်္ကာမကင်းဖြစ်လာတယ်။

မိန်းမဖွင့်ထားတဲ့ ဝိုင်ဖိုင်လိုင်းနဲ့ Facebook ပေါ် တက်ကြည့်မိတော့မှ . . . ဟာ . . .သွားပြီ . . .ငါတို့စိတ်ကူးထားတာတွေ၊ သွားနေတဲ့ ပန်းတိုင်တွေ၊ တည်ဆောက်နေတဲ့ အိပ်မက်တွေ အားလုံးပျက်စီးသွားပြီဆိုတဲ့စိတ်နဲ့ လူလည်း အရုပ်ကျိုးပြတ် ထိုင်ချမိတယ်။

အိပ်မက်များ မက်နေတာလား။ မဟုတ်မှန်းသိလျက်နဲ့ မျှော်လင့်မိနေသေးတယ်။

‘မလုပ်ရဲတာမရှိဘူး’ လို့ လမ်းဘေးလူမိုက်ဆန်ဆန် စကားကို ပြောခဲ့တဲ့လူက လမ်းဘေးက လူမိုက်တွေလိုပဲ ကျင့်ကြံသွားတာ . . . ခေါင်းထဲမှာ အတိတ်နဲ့ အနာဂတ်ပဲရှိပြီး ပစ္စုပ္ပန်မှာ အသိမရှိဘဲ ၂ နာရီလောက် ထိုင်ငိုင်နေမိတယ်။

တစ်နေ့လုံး ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိသလို စားချင်သောက်ချင်စိတ်လည်း မရှိ။

ရင်ဘတ်ထဲမှာရော ခေါင်းထဲမှာပါ ပူလောင်ပြီး အဓိပ္ပာယ်မရှိဘဲ ကွန်ပျူတာရှေ့ထိုင်ရင်း အဲဒီတစ်နေ့ကို ဖြတ်သန်းခဲ့တယ်။

နောက်တစ်ရက် နည်းနည်း သွေးအေးသွားတော့မှ လက်ရှိလုပ်နေတဲ့ အလုပ်တွေကိုချိတ်ဆက် ဘယ်အတိုင်းအတာထိ အလုပ်ဆက်လုပ်မလဲ၊ ဘာတွေဆက်လုပ်ရမလဲ ညှိနှိုင်း။

အများစုကတော့ လုပ်လို့ရသလောက် ဆက်လုပ်မယ် ပုံမှန်အတိုင်း ဆက် Run ကြမယ်ဆိုတဲ့ တုံ့ပြန်မှုတွေကို ပေးကြပါတယ်။

သူတို့လည်း နာကျင်နေတာကို ခံစားမိနေတယ်။

လက်တွဲလုပ်နေတဲ့ လူတွေ လောလောဆယ် ဆက်ရပ်တည်နိုင်ဖို့ ကိုယ်ချင်းစာတရားနဲ့ အကျိုးအမြတ်ဘာမှမရှိဘဲ အလုပ်ကို တတ်နိုင်သလောက် ဆက်လည်ထားပေးမယ့် စေတနာကိုလည်း ခံစားမိတယ်။

အတူလက်တွဲလုပ်ခဲ့တဲ့ အလုပ်တွေအားလုံးက အချိန်အတိုင်းအတာယူပြီး ဆက်ဆံတည်ဆောက်ခဲ့တာချည်းမို့ အရင်က အမြင်မတူခဲ့တာတွေ၊ မကျေနပ်ခဲ့တာတွေ၊ စိတ်တိုင်းမကျခဲ့တာတွေ ဖြစ်ခဲ့ဖူးတဲ့ အလုပ်ရှင်တွေ များပါတယ်။

ဒါပေမဲ့ ဒီလူတွေအားလုံး ‘လူ’ ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်တယ်။ ‘ကိုယ်ချင်းစာတရား’ ဆိုတာကို ကျင့်သုံးတယ်။

ဟုတ်တယ် လောကမှာ ကျွန်တော်တို့အားလုံးက လူသားတွေဖြစ်လို့ မှားတာ မှန်တာ ကွဲလွဲတာ တိုက်ခိုက်တာ ရှိဖူးကြတာပဲ။

ဒါပေမဲ့ လူသားဆန်ဖို့လိုအပ်ရင် လူသားစိတ်နဲ့ ယိုင်းပင်းကူညီဖို့၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောက်ပံ့ဖို့ အဆင်သင့် အမြဲရှိနေတဲ့ ‘လူ သားအသိုင်းအဝိုင်း’ မှာ ရှင်သန်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူတယ်။

တချို့လူသားတွေမှာ ရှိသင့်တဲ့ စိတ်ထက်ပိုတဲ့ အတ္တ၊ လောဘ၊ မာန်မာနတွေနဲ့ ကြိုးစားတည်ဆောက်နေတဲ့ ဘဝတွေကို တစ်ချက်လေးမှ နောက်မတွန့်ဘဲ ဖျက်ဆီးကြဖို့ ဝန်မလေးဘူး။

အဲဒါတွေက ‘လူ’ဆိုတဲ့ သတ်မှတ်မှုနဲ့ မထိုက်တန်ဘူး . . . အဲဒီနေ့လည်း ဒီလိုအတွေးတွေနဲ့ ကုန်ဆုံးခဲ့ပြန်တယ်။

ပြောရရင် ကိုယ့်ခန္ဓာကိုယ်ကြီးက ပုံမှန်လှုပ်ရှားသွားလာနေပေမယ့် ဘာခံစားချက်မှမပါဘဲ အရုပ်တစ်ခုလို လုပ်နေကြအရာတွေ လုပ်နေရုံထက် မပိုခဲ့ဘူး။

နောက်တစ်ရက် . . .

လူနဲ့စိတ်နဲ့မကပ်တာ ၂ ရက်ရှိပြီ။ ကိုယ့်ရဲ့တစ်ကိုယ်ရေ နေ့စဉ်လုပ်နေတာတွေကို ပုံမှန်လည်ပတ်နေပေမယ့် ကျွန်တော့် အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ပတ်သက်တာတွေ ဘာမှလုပ်ဖို့ အဆင်ပြေမနေဘူး။

ကျွန်တော်တို့လိုလူတွေက ဘောလုံးပွဲတွေကြည့် စာတွေရေးဆိုပေမယ့် စိတ်က ဘောလုံးပွဲထဲ၊ စာရေးတဲ့ထဲ ဘယ်လိုမှ ဝင်စားလို့မရတာ ဘာစာကိုရေးမလဲ။

ဘာအကြောင်းအရာ ရေးမလဲ။ နောက်ပြီး အဲဒီလို ဘာခံစားချက်မှမပါဘဲ ရေးတဲ့စာတွေကို ဖတ်တဲ့လူတွေက ဘာအကျိုးကျေးဇူးရလို့ ဖတ်မလဲ။

အခုအချိန်မှာ လူတိုင်းနီးပါးက ကိုယ့်လိုပဲ လမ်းပျောက်နေကြမှာ ကိုယ်ချင်းစာမိတယ်။

ဒါပေမဲ့ ‘အားကစားကလောင်ရှင်’ လို့ ကိုယ့်ကိုယ်ကိုယ် ခေါင်းစဉ်တပ်ထားတယ်။

ကိုယ်ရေးတဲ့ စာတွေအတွက် ‘ဉာဏ်ပူဇော်ခ’ ဒါမှမဟုတ် ‘စာမူခ’ ပေးပြီး သူတို့လုပ်ငန်းတွေအတွက် မြှုပ်နှံထားတဲ့ အလုပ်ရှင်တွေကလည်း စေတနာထားပြီး ‘ရတယ် အစ်ကို ဆက်သွားမယ်’ လို့ ရပ်တည်ပေးနေကြတယ်။

စာဖတ်တဲ့လူတွေထဲမှာလည်း ဟုတ်ဟုတ်မဟုတ်ဟုတ် စိတ်မပါတဲ့လူတွေ အများကြီးရှိနေတာတောင် စိတ်ပြေလက်ပျောက် မျှော်လင့်နေတဲ့ ပရိသတ် တစ်ယောက်လောက်တော့ ရှိချင်လည်းရှိမယ်။

အဲဒီတော့ ကိုယ့် Professional မှာ ကိုယ်တာဝန်ကျေရတော့မယ်ဆိုတဲ့ အတွေးဝင်လာခဲ့တယ်။

အဲဒီနေ့က ဗုဒ္ဓဟူးနေ့။ ဘာအကြောင်းရေးမလဲ။ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ဘာမှ ခေါင်းထဲကနေ ထွက်မလာဘူး။

ခေါင်းထဲမှာ အွန်လိုင်းက မြင်နေကြားနေရတဲ့ စိတ်ဆင်းရဲစရာတွေချည်းပဲ။

ကြာသပတေးနေ့. . . အိပ်ယာကနိုးလာလာချင်း ဖုန်းကိုကိုင်ပြီး Facebook ကို အလိုလိုဖွင့်ပြီး ဘာများထူးခြားလဲကြည့်မိတာ (၃)ရက်မြောက်လာခဲ့ပြီ။

ကြားရက်မှာကန်တဲ့ ပရီးမီးယားလိဂ်တွေကို တီဗွီတော့ဖွင့်ထားပြီး လူကလည်း ကြည့်ဖြစ်နေတယ်။

ဒါပေမဲ့ စိတ်က ဘောလုံးပွဲမှာ ရှိမနေဘူး။ ရလဒ်တွေသိနေတယ် ဂိုးသွင်းတာတွေမြင်နေတယ်။ ကိုယ်နဲ့ ဘာမှလည်း မဆိုင်သလိုပဲ။

မီဒီယာသမား ဖြစ်လာကတည်းက အိပ်ယာနိုးရင် ညကမကြည့်ဖြစ်တဲ့ ဘောလုံးပွဲရလဒ်တွေကြည့် highlight တွေပြန်ရှာကြည့် နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ အကျင့်ကလည်း ဒီ(၃)ရက်လောက်နဲ့ ပျက်စီးသွားပြီ ထင်ပါရဲ့ . . .

အဲ . . .Facebook ကိုဖွင့်ရင်း တွေးနေမိတာ။

နောက်သတိဝင်လာပြီးကြည့်တော့ လက်ထဲကဖုန်းမှာ Facebook က ပွင့်မလာဘူး။

ကမန်းကတမ်း အိပ်ယာကထွက်ပြီး ထမင်းကြော်နေတဲ့ မိန်းမကိုမေးတော့ ‘Facebook ကို ဘန်းလိုက်ပြီတဲ့ သူများတွေတော့ VPN ကျော်သုံးတယ်ပြောကြတာပဲ ကျွန်မလည်း ဖွင့်မရလို့ ရှင့်သားကိုသာ မေးကြည့်တဲ့ . . .’

လူပျိုပေါက်အရွယ် ဖြစ်လာပြီဆိုတဲ့သားကလည်း အဖေနဲ့တူလို့လားမသိ ဘယ်တော့မှ (၁၁)နာရီထက် စောနိုးတယ်ဆိုတာ မရှိဘူး။

ဒါပေမဲ့ VPN ကျော်သုံးတာက ကျွန်တော့်အတွက် ပြဿနာမဟုတ်ဘူး။

ကျွန်တော်တို့ ဂျာနယ်လုပ်နေတဲ့အချိန်မှာ ၂၀၀၇ ရွှေဝါရောင်ဖြစ်တော့ VPN ဆိုတာ ဘာလဲ ဘယ်လိုလုပ်ရလဲ သိပြီးသား။

(၁၃)နှစ်လောက် ဖြစ်နေပြီဆိုတော့ မေ့တေ့တေ့ ဖြစ်နေပေမယ့် နည်းနည်းကလိလိုက်တာနဲ့ ဘာလုပ်ပြီး ဘာလုပ်ရမယ်ဆိုတာ ပြန်သတိရလာပြီး နောက်(၁)နာရီအတွင်းမှာ ဖုန်းရော ကွန်ပျူတာရောမှာ Facebook app က ခန့်ခန့်ကြီး ပြန်တက်လာတယ်။

အမယ် . . .ကိုယ်တောင် နောက်ကျနေပြီ လိုင်းပေါ်မှာ အမေရိကား၊ ဂျာမနီ၊ ကနေဒါ၊ ဟောင်ကောင် အဲဒီကနေနှုတ်ဆက်ပြီး သာကြောင်းမာကြောင်းတွေ ပြောတဲ့လူတွေနဲ့၊ VPN က ကြိုး ၄ ချောင်းကို ဘယ်လိုဖြတ်ရင် VPN ပိတ်တယ်လို့ ရိထားတဲ့လူနဲ့ တခြားလူတော့ မသိဘူး။

ကျွန်တော်တော့ (၃)ရက်လုံး နောက်ကျိရှုပ်ထွေးနေတဲ့ ခေါင်းက အတော်အသင့် ပြန်ပြီးကြည်လင်သွားတယ်။

အဲဒါနဲ့ တခြားလူတွေလည်း ကိုယ့်လို နည်းနည်းလေး စိတ်ပေါ့ပါးပါစေတော့ဆိုတဲ့ စေတနာနဲ့ သဘောကျတဲ့ ပို့စ်လေးတွေရှဲ။

နောက်ပြီး တွစ်တာအကောင့်တွေ ဖွင့်ကြဆိုတဲ့ လှုံ့ဆော်သံကြားတော့ ဖွင့်ထားပြီး ဘယ်တော့မှ မသုံးဖြစ်တဲ့ အကောင့်လေးကို ပြန်အသက်သွင်း။

ဘာလိုလိုနဲ့ အချိန်တွေက ကုန်မြန်လိုက်တာ နေတောင်စောင်းသွားပြန်ပြီ။ မဖြစ်တော့ဘူး။ စာမူပေးဖို့ရှိတယ်။ ဘာရေးရမလဲ စဉ်းစားစမ်း . . .

ဘယ်လိုမှ စဉ်းစားမရဘူး . . . ဘယ်ရမလဲ ဘောလုံးပွဲနဲ့ပတ်သက်တာ ခေါင်းထဲမှာ ဘာတစ်ခုမှ မရှိဘဲ။

အဲဒီတော့ မရှိရင် ရှိတဲ့နေရာက ရှာရမှာပဲ။ ဘောလုံးသတင်းနဲ့ ဆောင်းပါးတွေတင်တဲ့ ပြည်ပဘောလုံးပွဲ ဝက်ဘ်ဆိုက်တွေကိုဖွင့်ပြီး သတင်းတွေ လျှောက်ဖတ်ရတော့တာပဲ။

ပထမဆုံးဖတ်မိတဲ့သတင်း

(…)နိုင်ငံက (…) လိဂ်မှာ ရန်ဖြစ်လို့ ပွဲဖျက်လိုက်ရသတဲ့။ ဘယ်လိုဖြစ်ရတာတုန်း။

G နဲ့ R အသင်းတို့ ပွဲမှာ R အသင်းဖက်က (၁၀-၁)နဲ့နိုင်နေတုန်း ပင်နယ်တီပေးလို့ G အသင်းနည်းပြက ဒိုင်လူကြီး ဘက်လိုက်တယ်ဆိုပြီး လိုက်ထိုးသတဲ့။

အော် . . .ဒီလူနှယ် . . .လူကသာ အရပ်(၅)ပေမပြည့်တာ (အဲဒီနည်းပြက ဂျပုပါ) . . . စိတ်ကတော့ အတ္တတော်တော်ကြီးတာပဲ။

(၁၀-၁)တဲ့။ အရည်အချင်းမရှိလို့ရှုံးတာ ဝန်မခံဘဲ ဟိုလူမဲ ဒီလူမဲနဲ့။

သေချာတာက ဘောလုံးပွဲရပ်လိုက်ရပြီ အားလုံးစိတ်ညစ်ရပြီ။

ပြီးရင် ပြိုင်ပွဲကျင်းပရေးက ဒဏ်ရိုက်တော့မှ ငိုမဲ့မဲ့နဲ့ ဟိုလူကယ်ပါ ဒီလူကယ်ပါဆို အော်ဦးမယ်။

သူ ရမ်းကားရတဲ့ အကြောင်းပြချက်ကလည်း ဒိုင်ညစ်လို့တဲ့ သူတစ်ယောက်တည်းအော်နေတာ။

ကျန်တဲ့ပရိသတ်တွေရော တီဗွီက ကြည့်တဲ့လူတွေကပါ ဒိုင်မှန်တယ်လို့ ပြောနေကြတာကို။ ကောင်းပါတယ်။

အဲဒီလို စိတ်ဓာတ်အောက်တန်းကျတဲ့ နည်းပြကို ပြိုင်ပွဲကျင်းပရေးဖက်က တစ်သက်တာပွဲပယ်တို့ ဘာတို့ လုပ်တော့မှာ၊ ဘောလုံးလောကက အထုတ်ခံရမှ ဒီလောကကြီး သန့်သွားမှာပေါ့။

အဲဒီလိုဆိုရင်တော့ ဘောပွဲကြည့်ပရိသတ်တွေ ခဏ စိတ်ဆင်းရဲခံရကျိုး နပ်မှာပေါ့။

အင်း . . . ဒီသတင်းက လူယုတ်မာတစ်ယောက်ကြောင့် ဘောလုံးပွဲတစ်ခုလုံးရော ကြည့်တဲ့လူတွေပါ စိတ်ညစ်ရတဲ့သတင်းဆိုတော့ ဖတ်တဲ့လူတွေအတွက် ဘာမှအကျိုးမရှိဘူး။

မရေးတော့ဘူးကွာ . . .။ နောက်တစ်ပုဒ် ထပ်ဖတ်မယ် . . .

အံမယ် ဒီသတင်းက တစ်မျိုး . . . ။ အင်အားကြီး (U)အသင်းက (P)အသင်းခေါင်းဆောင်ကို ခေါ်ယူဆိုပဲ။

အဲဒီ (U)အသင်းက စိတ်ပျက်စရာအသင်း ကြက်တိုးပြီးတော့ အသင်းကြီးဖြစ်နေတာ ခြေစွမ်းကဖွတ်။

ကျွန်တော်က ကြက်ဖွတ်လို့ ခေါ်တဲ့အသင်း။ (P)အသင်းဆိုတာကလည်း တန်းဆင်းသွားပြီ။ တစ်ရာသီလုံးမှ (၆)ဂိုးပဲရလို့ တန်းဆင်းတာ ဘာအရည်အချင်းမှမရှိ။

အဲလိုအသင်းက အသင်းခေါင်းဆောင်ကို ကြက်ဖွတ်က ခေါ်တယ်ဆိုတော့ အဲဒီပွဲ မိုးမွှန်နေတော့မှာပဲ။

ပြောသာပြောတာ ကြက်ဖွတ်ပွဲဆို ပရိသတ်တွေ မဆဲတာ ဘယ်ပွဲရှိလို့လဲ။

အခု (P)အသင်းခေါင်းဆောင် ရောက်သွားပြီဆိုတော့ အဆဲနည်းနည်း ခွဲပေးရမှာ။ ကြက်ဖွတ်တွေ သက်သာတာပေါ့။

မဆိုးဘူး ဒီအကွက်ကတော့ အဆဲခွဲယူတဲ့ နည်းဗျူဟာပဲ။ အင်း . . . ဒီသတင်းကလည်း ရေးဖို့အဆင်မပြေပြန်ဘူး . . .

ဟူး . . . ဘာလုပ်ရမလဲ ခေါင်းတွေလည်း ရှုပ်လာပြီ။ ဆေးလိပ်လေးတစ်လိပ်တော့ သောက်ဦးမှ . . . ။

စာရေးစားပွဲကထပြီး ဗီရိုအပေါ်က ဆေးလိပ်ထည့်တဲ့ ဘူးကိုယူဖို့ ဗီရိုဖက်ကိုလျှောက်သွားပြီး ကြည့်လိုက်တော့ ဘူးမရှိတော့ဘူး။

နည်းနည်းတင်းသွားတယ် . . . သားတော်မောင် ယူဆော့ပြန်ပြီထင်တယ်။

အဲဒါနဲ့ သားဖြစ်သူကို အော်ခေါ်တော့ ဘာမှမတုံ့ပြန်ဘူး . . . ပိုတင်းလာပြီးအိမ်အောက်ဆင်းကြည့်တော့ သကောင့်သားက ဆေးလိပ်ထည့်တဲ့ ဘီစကစ်ဘူးဟောင်းနဲ့ PVC ပိုက်ပြတ်တစ်ချောင်းကိုင်ပြီး နာရီကြည့်နေတာ။

ကျွန်တော် သဘောပေါက်သွားပြီ။ သူဘာလို့ ဒါကိုယူသွားလဲဆိုတာ

‘ ဟေ့ကောင် . . . ငါ့ဆေးလိပ်တွေ ဘယ်နားထားလိုက်လဲ. . .

‘ ဗီရို အံဆွဲထဲမှာ အဖေ’ တဲ့ . . . ကျွန်တော်လည်း ဗီရိုရှိတဲ့နေရာပြန်လာ။

ဆေးလိပ်တစ်လိပ်ကိုထုတ် မီးညှိရင်း ဗီရိုပေါ်က ပစ္စည်းဟောင်းတွေထဲမှာ တီးလို့ရမယ့် သံပုံးများရှိမလား အလောတကြီး ရှာနေမိတယ်။

ည (၈း၀၀)ထိုးတော့မှာ မဟုတ်လား . . .

စာကြွင်း။ ။ ဘောလုံးပွဲနဲ့ပတ်သက်လို့ ရေးစရာဘာမှမရှိတာကြောင့် တကယ်စိတ်ထဲခံစားရတာတွေကို ရေးပေးလိုက်ပါတယ်။

ဘောလုံးအသင်းတွေကတော့ နာမည်ထည့်ရေးရင် အသင်းပရိသတ်တွေ စိတ်ဆိုးကြမှာမို့ အတိုကောက်နာမည်တွေပဲ ဖော်ပြလိုက်တာပါ။

ဘယ်အသင်းတွေလဲဆိုတာ အားလုံးသိကြမှာ သေချာတာလည်း ပါပါတယ်။ ဒီလို စုတ်ပြတ်ဆိုးယုတ်တဲ့ကာလမှာ စာဖတ်တဲ့ အချိန်လေးခဏတော့ စိတ်ပေါ့ပါးစေဖို့ ရေးသားပါတယ်။

Facebook Comments Box
Facebook Comment