မရိုးနိုင်တဲ့ အသည်းကွဲဇာတ်လမ်း ခေါင်းနဲ့ပန်း

ထွန်းထွန်းဦး(လှိုင်)

ဒီအချိန်မှာ ဝိဝါဒအမျိုးမျိုး ကွဲပြားနေလိမ့်မယ်။

လူအမျိုးမျိုးနဲ့ အမြင်အမျိုးမျိုးကလည်း အတွေးပေါင်းစုံအောက်မှာ ရှိနေကြလိမ့်မယ်။

လမ်းပတ် ဘာကြောင့် အထုတ်ခံရသလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူ့အတွေး၊ ကိုယ့်အတွေးဆိုပြီး အပြိုင်စီးဆင်းနေတဲ့အသံတွေ မရပ်တန့်နိုင်သေးဘူး ဖြစ်နေလိမ့်မယ်။

ခေါင်းစဉ်အမျိုးမျိုးနဲ့ လမ်းပတ်အထုတ်ခံရတဲ့ကိစ္စဟာ အားကစားမီဒီယာလောကမှာတော့ လုံး၀ HIT ဖြစ်နေမယ့် ပေါ်ပင်ဇာတ်လမ်းဖြစ်နေတာ မဆန်းပါဘူး။

အစ ဆွဲထုတ်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေသလို ပရိသတ်ရဲ့နှလုံးသားကို ဆွဲကိုင်လှုပ်ခတ်နိုင်ဆုံး ပုံပြင်ဖြစ်နေတော့ ပိုဆိုးတယ်ပေါ့။

ဖြစ်နေကြဆိုပေမယ့် မကြုံဖူးတာကြာတော့ ပြန်ဆုံတော့ ရင်ခုန်ရတယ်ဆိုပါတော့ …

ရည်းစားဦးနဲ့လွဲပြီး အသည်းကွဲဖူးတဲ့အချိန်တွေ တစ်ကျော့ပြန်ရောက်လာသလိုမျိုး မဟုတ်တာတောင် ခံစားချက် ခပ်ပါးပါးတူညီတဲ့ စည်းချက်ကျသံမျိုး ပုံစံလေးတွေက တူညီနေတော့ လမ်းပတ်အထုတ်ခံရတဲ့ကိစ္စဟာ ခံပြင်းချင်စရာလို ပေါက်ကွဲလာကြတာ သဘာဝတစ်ခုပါပဲ။

ဒီတစ်ခါတော့ လမ်းပတ်အထုတ်ခံရတယ်။

အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို အပြစ်တင်ကြရပြန်တယ်။

လမ်းပတ်ကိုခန့်တုန်းက မိုဗစ်ချ်ကို ကျေးဇူးတင်ဖြစ်သလို လမ်းပတ်အထုတ်ခံရတော့လည်း သူဌေးဖြစ်သူထံ အသံတွေနဲ့ လှမ်းပေါက်ဖြစ်တာ ပရိသတ်ရဲ့အမြင်နဲ့လှမ်းကန်တဲ့ ဒေါသသံတွေပါ။

သူဌေးဖက်ကို ကြည့်တော့ …

သူဘာလိုချင်လို့ ငွေတွေသုံးတာလဲ။ ဘာကို တည်ဆောက်ချင်တာလဲ။ ဘယ်အထိ သွားချင်တာလဲ။

အင်္ဂလန်လူမျိုးမဟုတ်တဲ့ ရုရှားသူဌေးတစ်ယောက်က ရင်နဲ့အမျှ ဘောလုံးကိုချစ်တာလား၊ ချယ်လ်ဆီးကို တွယ်တာနေတာလား၊ သံယောဇဉ်ဆိုတာရော သိတဲ့သူလား။

သူ ချယ်လ်ဆီးကို ပိုင်ဆိုင်ခဲ့ပြီးချိန်ကစလို့ သူစိုက်သမျှ ရိတ်သိမ်းလို့ကောင်းခဲ့သလား၊ ဖြုတ်၊ ထုတ်၊ တပ် နည်းပြတွေကရော ချယ်လ်ဆီးမှာ တောင်လိုပုံနေပြီလား။

သူ့လက်ထက် ရထားတဲ့ဆုဖလားတွေနဲ့ အဖြုတ်ခံထိတဲ့ နည်းပြအရေအတွက်ကို ယှဉ်လိုက်ရင် ဘယ်အရာက ပိုများနေခဲ့ပါသလဲ။

မေးစရာမေးခွန်းတွေက စုံစေ့နေသလို လုပ်ငန်းသဘောဆန်တဲ့ ချယ်လ်ဆီး အသင်းရဲ့ပင်ကိုယ်အတွင်းဟန်ပန်ဟာ ဘယ်သူတွေ အတိအကျ သိနိုင်ခဲ့ပါသလဲ။

သူချစ်လို့ခေါ်ထားတဲ့ တစ်ကျော့ပြန် ကစားသမားဟောင်းဖြစ်တဲ့ မန်နေဂျာ လမ်းပတ်အတွက် စိတ်မကောင်းတော့ ဖြစ်မိမှာ သေချာတယ်။

တစ်ခုရှိတာက အသင်းအောင်မြင်ရေးနဲ့ ပြန်တွက်ရင် သူ့အတွက်ပေးထားရတဲ့ အချိန်ဟာ ချယ်လ်ဆီးအတွက်တော့ လိုနေသေးတာမှန်ပေမယ့် ရှေ့ကိုတက်မလာတဲ့ အောင်မြင်ရေး ဂရပ်ဖ်မြားခေါင်းတွေ အောက်ထိုးစိုက်နေမှုကို ဘယ်အချိန်အထိ ကြည်ဖြူနေနိုင်ကြမလဲ။

ကတိကဝတ်ဆိုတာ နှုတ်အားဖြင့်၊ စာအားဖြင့် ဆိုသလို အမျိုးမျိုးရှိကြတယ်ဆိုပေမယ့် ကြည်ဖြူထားတဲ့ အတိုင်းအတာ လွန်ခဲ့ရင်တော့ တစ်ယောက်နဲ့အများ အနေအထားမှာ မိတ်ဆွေကိစ္စ ဘေးချပြီး ပရိုလောကမှာ ပရိုဆန်ဆန်ပဲ ဖြေရှင်းလိုက်ကြတာ အာဃာတ ကင်းကြမယ်တင်တယ်။

မော်ရင်ညိုကိစ္စအပြီးမှာ လမ်းပတ်ကိစ္စဟာ လူပြောအများဆုံး ဖြစ်လိမ့်မယ်။

လိုချင်တာတွေ တပ်ဆင်ပေးတယ်၊ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးတယ်။

လုပ်သလောက် ပြန်မရောက်လာတဲ့အခါမှာ အပြောင်းအလဲဆိုတာ အကောင်းဆုံး ကုသဆေးဖြစ်ခဲ့တာကတော့ ရှေ့အဆက်ဆက်သုံးခဲ့တဲ့ ဆေးခါးပဲဖြစ်မယ်။

လမ်းပတ် မှန်တယ်၊ မှားတယ် မပြောလိုဘူး။

ဒါပေမဲ့ အချိန်ပေးတဲ့အတိုင်းအတာကတော့ တိုတောင်းခဲ့တာ မှန်တယ်။

သူလည်း ဆာရီလျှောက်ခဲ့ရတဲ့ လမ်းအတိုင်း ဆက်လျှောက်ခဲ့ရတာပဲ ရှိတယ်။

ဖြစ်ချင်တာကို ဆာရီလောက်တောင် ဖြစ်ခွင့်မရခဲ့တာကိုတော့ အားမလို အားမရ ဖြစ်ရတယ်။

တည်ဆောက်ဆဲကာလ မလွန်သေးပါဘူး။

ခက်ခဲကြမ်းတမ်းမှုတွေ ပေါင်းစုံကို တောင့်ခံထားနိုင်တဲ့ အခြေအနေတစ်ခု ကို ဖြတ်သန်းတုန်းရှိနေသေးချိန်မှာ လမ်းခွဲခံရတာကတော့ ပရိသတ်တွေ အတွက် အံ့အားသင့် ဝမ်းနည်းဖွယ်ရာဖြစ်ရတယ်။

မန်နေဂျာ လမ်းပတ်ကတော့ ကြိုသိပြီးဇာတ်လမ်း ဖြစ်မှာပါ၊ ကြိုမသိတာက ပရိသတ်၊ တော်တော်လေးကို အောင့်သက်သက်ဖြစ်နိုင်တဲ့ ဇာတ်လမ်းပါ။

ဘုတ်အဖွဲ့ အဆုံးအဖြတ်တွေက လမ်းပတ်ကို သံယောဇဉ် တိတိရိရိဖြတ်ချလိုက်တော့ နစ်နာကြေးဟာ ငြိမ်းချမ်းရေး အမည်ခံသက်သက် ဖြစ်လာတယ်ဆိုပါတော့။

ထားပါ။ လမ်းပတ်ကိစ္စကို မိုဗစ်ချ်က ရင်နာနာနဲ့ အသည်းကွဲခံပြီး စွန့်လွှတ်လိုက်တဲ့သူအဖြစ်နဲ့ ဇာတ်နာကို သာသာထိုးထိုး လုပ်ကြလိမ့်မယ်။

ချယ်လ်ဆီးမှာ ဒီဓလေ့ကခေတ်စား မိုဗစ်ချ်လက်ထက်မှာ ရိုးအီနေပါပြီ။

အသစ်အသစ်တွေ ဖြစ်ထွန်းခဲ့သမျှထဲမှာတော့ အဆုံးသတ်ဟာ ဒါနဲ့ပဲ ဇာတ်သိမ်းတာ မဆန်းပါဘူး။

အခု တူချယ်လ်တစ်ယောက် မန်နေဂျာအဖြစ် ချယ်လ်ဆီး ရောက်မယ်။

သူ့နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ဆက်စပ်နေတဲ့ သူ့အလုပ်ကို ပံ့ပိုးနေတဲ့သူတွေက အားလုံး ၈ ယောက်ရှိတယ်။

ဘာတွေဆက်ဖြစ်လာမလဲ။ စိတ်ဝင်စားရပြန်တယ်။

အစဉ်အလာနဲ့ ပြန်တွက်ကြည့်ရင် ဂျာမနီနည်းပြ ချယ်လ်ဆီးရောက်တာ ပထမဆုံးတစ်ယောက် ဖြစ်လာတယ်။

အစဉ်အလာကောင်းတွေ နည်းပါးပြီး အောင်မြင်ရေးတံဆိပ် ခပ်နှိပ်နိုင်မှုနည်းတဲ့ အင်္ဂလန်နည်းပြတွေ ချယ်လ်ဆီးမှာ မအောင်မြင်တဲ့ဇာတ်ထုတ် ဘေးချအပြီးမှာ ဂျာမနီနည်းပြနဲ့ခရီးဆက်မယ့်အဖြစ်ကရော အောင်မြင်မှု ဖွေရှာရေးအတွက် အမှန်တရားတစ်ခုတဲ့လား။

တကယ်တော့ ချယ်လ်ဆီးမှာ လူရိုသေ၊ ရှင်ရိုသေနည်းပြမျိုး ရှိမလာတာ ဆိုးတာပါ။

မော်ရင်ညိုလို စည်းကမ်းကြီးပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ အသင်းကို အုပ်ထိန်းကောင်းသူ၊ ပြီးတော့ အန်ဆယ်လော့တီ၊ ဒီမက်တီယို၊ ကွန်တီနဲ့ ဆာရီတို့လို အသင်းကို ခေတ်တစ်ခုထူထောင်နိုင်တဲ့ အီတလီနည်းပြတွေလို လူစားတွေ လိုတယ်။

အရေးကြီးတာက အတွေ့အကြုံကောင်းပေါ့။

ဖိအားနဲ့ လိဂ်အတိမ်အနက်ကိုလိုက်ပြီး သမ္ဘာရင့်နေတဲ့သူတွေ၊ ကစားသ မား ကိုင်တွယ်ရာမှာ ရင့်သန်ပါးနပ်သူတွေလို နည်းပြကောင်းတွေရှိနေဖို့ လိုတယ်။

ငယ်ရွယ်တက်ကြွတဲ့ နည်းပြတွေအတွက်တော့ အားသန်တဲ့လမ်းကို ရွေးပြီး ခပ်ရဲရဲလျှောက်တာ မဆန်းပါဘူး။

အားလုံးသွေးရဲပြီး လာသမျှတိုက်ခိုက်မယ့် လူမျိုးနဲ့ အတွေ့အကြုံအရင်းခံဖြတ်သန်းမယ့် လူစားမျိုးကိုယှဉ်ရင်တော့ ဘင်နီတက်ဇ်လို နည်းပြမျိုး၊ ဒီမက်တီယိုလို ခဏတာဝင်ထိန်းပြီး အားလုံးအဆင်ပြေအောင် ပဲ့ထိန်းပေးနိုင်ခဲ့သူတွေက အသုံးတည့်သလိုပါပဲ။

အခုတော့ လမ်းပတ်စုစည်းခဲ့တဲ့ လူငယ်တစ်သိုက်ကို တူချယ်လ်လို လူငယ်ပျိုးထောင်ရေးကောင်းတဲ့ ဂျာမနီနည်းပြလက်ထဲကို ထိုးထည့်ပေးဖို့ ရှိနေတာကတော့ သိပ်ကောင်းပါတယ်။

အင်္ဂလန်လိဂ်ဖြစ်နေတာကြောင့် ပြင်သစ်လိဂ်ထက်တော့ ဖိအားပိုလိမ့်မယ်။

ပြင်ဆင်ရေးကိစ္စ သိပ်မရတဲ့အနေအထားမှာ ကစားသမားတွေကို အထား အသိုမှန်အောင် ဘယ်လိုပြင်ဆင်လေ့ကျင့်မလဲ။

သိပ်ခက်တယ်။ မခက်ဘူးဆိုတာ ကြားဖောက်ဝင်လာရတဲ့ နည်းပြတွေအတွက် အထာနပ်မှရမယ့် ကိစ္စလိုမျိုးဖြစ်နေတာ့ ချယ်လ်ဆီးအတွက် ဒီရာသီဟာ ခြေတစ်လှမ်းနောက်ပြန်ဆုတ်ပြီး ဖြစ်လာသမျှ ခံစားရုံပဲ ရှိရဦးမှာလား။

ထပ်ခေါ်ဖို့ ချိန်ထားတဲ့သူတွေထဲမှာ ဘယ်သူတွေ ရောက်လာမလဲ။

ဂျာမနီသားတွေပဲလား၊ အင်္ဂလန်ပြည်တွင်းက ခြေစွာသူတွေပဲလား၊ လူမှန်နေရာမှန်အတွက် လမ်းကြောင်းပြန်တည့်နိုင်ရင် ပြန်တည့်နိုင်သလောက် ကံစပ်ပြီး စင်ပေါ် ပြန်တွန်းတက်နိုင်မယ့် နေ့ရက်တွေကိုမျှော်ရင်း မျှော်လင့်ချက်အသစ်နဲ့ခရီးဆက်မယ့် ချယ်လ်ဆီးအတွက် ကံကောင်းမှုတွေက တူချယ်လ်နဲ့အတူ နီးစပ်နိုင်ပါစေလို့ ဆုတောင်းလိုက်တယ်။

Facebook Comments Box
Facebook Comment