မရဏအော်ပရာမှာ မော်လည်း သရုပ်ဆောင်တယ် လမ်းပတ်လည်း အခန်းများတယ်

N ကြယ်မင်း

ဒါပေါ့၊ ဒီတစ်ပတ်ခင်ဗျားနိုင်တယ်။ လွတ်မြောက်တယ်။ရွှေရေးထင်ထင် ညစာစားပွဲတွေ ရောက်လာတယ်။

ခရစ္စမတ်သစ်ပင်တွေမှာ ခင်ဗျားနာမည် လှုပ်ယိမ်းနေလိမ့်မယ်။ တစ်ခုပဲ၊ ခင်ဗျားပြီးပြီလား..။

ခင်ဗျားပုခုံးကို လာပုတ်သွားမယ့် ဥရောပကိုဗစ် အမှတ်ပေးလိဂ်တွေ ပြီးဆုံးသွားပြီလား။

ပြီးခဲ့တဲ့အပတ်က ဟိုအသင်း သေလုမျောပါး၊ အဲ့ဒီရှေ့တစ်ပတ်က ဒီအသင်း အကြောတွေ ဆွဲနေခဲ့တာ။

ဒီလိုပဲ အားလုံးဟာ ဒဏ်ရာရှိတယ်။ တစ်ပတ်ချင်း အဆင်ပြေအောင်သွားနေရပေမယ့် ဘယ်သူမှ သွေးမ တိတ်သေးဘူး။ ခင်ဗျားသိရဲ့လား။

ပရီးမီးယားလိဂ်ရဲ့နောက်တစ်မျက်နှာလှန်လိုက်ရင် ခင်ဗျား ဒူးထောက်နေရတဲ့အခန်း ဖြစ်သွားနိုင်တာ မမေ့ပါနဲ့။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော်တို့ မော်ရင်ညိုအကြောင်း ပြောခဲ့ကြတာပေါ့။ မဟုတ်ဘူး၊ မော်ရင်ညို ဘုန်းတော်ဘွဲ့တွေ..။

သူ့ရဲ့ ဒုတိယမြောက် ရာသီတွေအကြောင်း၊ သူ့အသင်း စပါးဟာ သူ့ရဲ့အောင်အတိတ်၊ အောင်နိမိတ်တွေ ထင်ဟပ်ကြွတက်လာပြီဖြစ်ကြောင်း၊ သူ့ရဲ့ ဆွန်ဟောင်ကိန်းတိုက်စစ်က ပြိုင်ဘက်စစ်မြေပြင်တိုင်းကို သိမ်း ပိုက်နေပြီဖြစ်ကြောင်း၊ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းလောက်က အရေးမပါ၊ အဲ့ဒီပွဲနိုင်ဖို့က အသက်ပါကြောင်း၊ အသင်းကြီးချင်း တွေ့ဆုံမှုတွေမှာ အဲ့ဒီလို ထိန်းချုပ်ကျော်လွှားမှုက အရေးပါကြောင်း၊ ဒါပေမဲ့ အ သင်းငယ်လေးတွေကို ရင်ဆိုင်ရာမှာတော့ လိုအပ်သလို ရက်စက်နိုင်ခဲ့ကြောင်း(မက္ကာဘီဟိုင်ဖာကို ၇-၂၊ စသည်)တွေ ပြောလို့မဝသေးခင်မှာ သူတို့လစ်ခန်း၊ ခပ်မြန်မြန်လစ်ခန်းတွေ စတင်လိုက်တော့တာပဲ ဖြစ်တယ်။

ပဲလေ့စ်နဲ့ လီဗာပူးကို နောက်ကျဂိုးတွေနဲ့ သရေကျရ၊ ရှုံးပေးရတာ အကြောင်းမဟုတ်ဘူး။ လက်စတာကို ပင်နယ်တီတွေ၊ အိုဂျီတွေနဲ့ လက်လွှတ်လိုက်ရတာက ပြဿနာရှိလာတယ်။

ကဲ အခု အဆင့် ၅ မှာ ခင်ဗျားဘာပြောမလဲ မော်ရင်ညို။

လမ်းပတ်ဟာ လုပ်နိုင်ပါတယ်။

လမ်းပတ်ဟာ ငွေသုံးနိုင်ပြီး လမ်းပတ်ဟာ ကံထူးသူပါ။ ဟော့ဒီမှာ လန်ဒန်မှာ `လ´ထွက်တာ မြန်လှချည်ရဲ့။

ဘယ်သူမှ မထင်ခဲ့လည်း အခု ဘယ်သူမဆို ထင်တယ်။ ချဲလ်ဆီးဗိုလ်စွဲနိုင်ပြီလေ။

ချဲလ်ဆီးမှာ ပွဲလမ်းသဘင်နံ့တွေ ရနေပြီပေါ့။ မော်ရိုကိုရဲ့နိုင်ငံတော်သီချင်းကို ဇီယက်ရှ်ကီးနဲ့ လိုက်ဆိုခဲ့ကြတယ်။

တီမိုဗာနာရဲ့ မြန်နှုန်းမြင့် ပြေးလွှားပုံမှာ ကိုယ်တွေလည်း ဒရွတ်ဆွဲလိုက်ကြရတယ်။ ခုကျတော့ မပြောမဆိုနဲ့ပေါ့လေ။

အဲဗာတန်နဲ့ဝုဗ်ကို ရှုံးပစ်လိုက်တယ်။ အဆင့် ၈ အထိ ဆွဲချခံရတယ်။

သေမင်းဟာ ခင်ဗျားကို မကြိုက်လို့မဟုတ်ဘူး။ ခင်ဗျားခြံရှေ့မှာ နေ့ကောင်းရက်သာ ရွေးနေတာ။

မရဏပြက္ခဒိန်မှာ Black Alert ရရင် ခင်ဗျားအောင်မြင်နေမှုကို လက်ထိပ်ဆွဲခတ်လိုက်မှာပဲ။ ပရီးမီးယားလိဂ်ဟာ အဲ့ဒီ ထစ်ချုန်းမှုတစ်မျိုး ရွာနေတယ်။ ဆူညံခဲ့တယ်။

လီဗာပူးဆီက ပြန်ယူမယ်ဆိုတဲ့ မိုးပြာရောင် စစ်ဌာနချုပ်ဆီက စစ်ကြေညာသံတွေ မန်ချက်စတာ ရေဒီယိုတွေမှာ မကြားချင်အဆုံးပဲ။

ဒါက ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့ရင်တောင် ဂွါဒီယိုလာ ရုပ်ထွက်ပြရင် ပြီးနေတာ။

တစ်ခုခုပြောချင်ရင် သူ့ကတုံး သွားမကြည့်နဲ့၊ သူ့ကစားသမားတွေ အရင်ကြည့်လို့ ပြောရလောက်အောင် ခွန်အားကြီး မန်စီးတီးမျက်နှာကြောက တင်းနေခဲ့တာ။

ဒါပေမဲ့ အီတီဟတ်မှာတောင် လက်စတာကို 2-5 နဲ့ ရှုံးရတယ်။ လီဗာပူးကို အိမ်ကွင်းမှာ သရေကစားနိုင်တာကိုပဲ ဂုဏ်ဆာလွန်းလို့တဲ့၊ စပါးက 2-0 နဲ့ ဝင်ဖုတ်တာခံရတယ်။

မန်စီးတီးလည်း ကိုဗစ်ကောင်းကင်တော်အောက်မှာ ပေချည်းဖြစ်ရ၊ တူကို အလှည့်မကျဘူး။

ဒါကြောင့်ပဲလားမသိ။ ဆောက်သမ်တန်ကို 0-1 နဲ့နိုင်တာတောင် ချေမိုးနေရတယ်။

အလံတိုင်ထောင့်သွား,သွားပြီး ဂုဏ်သိက္ခာ ချကျွေးရတယ်။ အသွေးအမွေးနည်းပါးမှု လူညံ့သွေးနဲ့ ယစ်ဇ်ပူဇော်ရတယ်။

ကျွန်တော်ပြောလိုတာကို မိတ်ဆွေရရဲ့လားမသိဘူး။ ဒီမှာက ဘယ်သူမှ သူချည်း၊ သူချည်း မင်းမူနေလု့ိမရဘူး။

အချိန်တန်ရင် ကျသွားတယ်။ ဒါမှမဟုတ် ကျပေးရတယ်။

အဲဗာတန်ဆို ဝေါခနဲကျသွားပြီး ဝေါခနဲ ပြန်မောင်းတက်လာတယ်။

ဆိုးလ်ရှားဟာ အခုပဲ ရေမွှန်းခံလိုက်၊ အခုပဲ ရောင်ခြည်တော်လွှတ်ပေးလိုက်နဲ့ ဂဏန်းငြိမ်ရရှာတယ် မရှိခဲ့ဘူး။

ဒီတစ်ပတ် ဂျော်နီအပြာနဲ့ ထိုင်နေလည်း နောက်တစ်ပတ်မှာ ထွေးညိုရင်သားတွေအပေါ် အန်ချနေသူကို ခင်ဗျား တွေ့ရလိမ့်မယ်။

ဒီလို ငရဲယန္တရားမှာ အားလုံးထက် သာလွန်စွာထွန်းလင်းနေသူက ကြိုးကြာတွေပဲ။

ကြိုးကြာလေးရေ..ဆိုတဲ့ ခေါ်သံတွေဟာ တစ်ပတ်ထက်တစ်ပတ် ပိုပြီးနီးကပ်စွာ ကျယ်လောင်လာနေခဲ့တယ်။

သူတို့ဟာ ဗီလာကိုတောင်မှ 7-2 ပေါ့။ ဗန်ဒိုက် ရာသီကုန်ပြီဆိုတဲ့သတင်းဟာ ကျွန်တော်တို့ ထိုင်နေတဲ့ဝိုင်းနားမှာပဲ ကျကွဲခဲ့တယ်။

ဂိုမက်ဇ်၊ အယ်လ်ကန်တာရာ၊ အာနိုး၊ နောက်ဆုံး စူပါဂျိုတာ၊ ဂျိုကာတစ်ကောင်လို ဂျိုတာပါ နာသွားပြန်တယ်။

မြတ်စွာဘုရား၊ တပည့်တော်တို့အသင်းကို ဒီလောက်ဆို ကျေနပ်တော်မူသင့်ပါပြီ ဘုရား။

အဲ့ဒီလို ဆည်းဆာရိပ်မှာပဲ လီဗာပူးပြန်လာတယ်။ ခရစ္စတယ်ပဲလေ့စ်ကို 0-7 ကစားခဲ့တဲ့အထိ ပြန်လာတယ်။

လိဂ်ရဲ့ဇက်ကြိုးကို ကျကျနန ဆွဲလိုက်တယ်။

အားလုံး ထိတာပဲ၊ အဲ့ဒီထဲက သူတို့အနာကျက်သွားပုံ သိပ်မြန်တယ်။

ခင်ဗျား ဘာဆေးတွေ သုံးစွဲထားပါသလဲ ဂျာဂင်ကလော့ပ်ကြီး..

ပရီးမီးယားလိဂ်မှာ အားလုံးတစ်လှည့်စီပဲ။ ဟိုတယ်ညတွေမှာ ပိုကြာသူရှိမယ်။

ဒုစရိုက်တွေ တစ်ညလုံးမအိပ်တဲ့ ကွက်သစ်လေးထဲ ထိုးဆင်းသွားရတာ ကြာလှချည်ရဲ့ ညည်းညူနေသူက ဘယ်နှစ်ယောက်လဲ။

ဘယ်သူမှ မလွတ်စေရပါဘူး။ တစ်သင်းချင်းသွားနေတယ်၊ တစ်ပတ်ချင်းသွားနေတယ်။

အဲ့ဒါဘာလဲ ဘယ်သူမှ မပြောနိုင်သေးဘူးပေါ့။

ကျွန်တော် အဲ့ဒီလိုရှိပါတယ်။

Facebook Comments Box
Facebook Comment