မယုံနိုင်စရာ အိပ်မက်တစ်ခု ဖြစ်လာခဲ့ပြီဟု ယူနိုက်တက်ဂိုးသမား ဟင်ဒါဆင်ပြောကြား

မန်ချက်စတာယူနိုက်တက်ဂိုးသမားဒိန်းဟင်ဒါဆင်၏ ကိုးနှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် အိပ်မက် တစ်ခု ဖြစ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ယူနိုက်တက် လူငယ်အသင်းများတွင် အဆင့်ဆင့် ကစားခဲ့သည့် ဟင်ဒါဆင်သည် စတုတ်ပေါ့၊ ဂရမ်စဘီ၊ ရှရောဘူရီနှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းများတွင် အငှားဖြင့် သွားရောက်ကစားပြီးနောက် မန်ချက်စတာယူနိုက်တက် ပထမအသင်းအတွက် ပထမဆုံးပွဲကို ကစားခွင့် ရရှိလာပြီ ဖြစ်သည်။

ဒိန်းဟင်ဒါဆင်သည် အင်္ဂါနေ့ညတုန်းက လူတန်တောင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့် ကာရာဘောင်းဖလားပွဲ စတုတ္ထအဆင့် ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိခဲ့သည်။

ဒိန်းဟင်ဒါဆင်သည် လူတန်တောင်းနှင့်ပွဲတွင် တမ်လော့ခ်ယာ၏အနီးကပ် အပိုင် ကန်ချက်ကို ပုတ်ထုတ်ပြီး ဂိုးမပေးရအောင် လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။ အကယ်၍ တမ်လော့ခ်ယာ၏ ခေါင်းတိုက်ချက်နှင့်အပိုင်ကန်ချက်တို့ကို ဒိန်းဟင်ဒါဆင်သာ မကာကွယ်နိုင်ပါက မန်ယူမှာ ချေပဂိုးပေးရကာ အနိုင်ရရှိရန် မသေချာချေ။

ယင်းပွဲတွင် မန်ချက်စတာယူနိုက်တက်သည် အကောင်းဆုံးပုံစံ မရရှိဘဲ လူတန်တောင်း၏ တိုက်စစ်ဆင်များကိုပင် ခံခဲ့ရကာ ဟင်ဒါဆင်သာ ကာကွယ်မှု မပြုလုပ်နိုင်လျှင် ဂိုးပေးရရန် သေချာနေသည်။ မန်ချက်စတာယူနိုက်တက်သည် ပွဲချိန် ၄၄ မိနစ်တွင် မာတာ၏ပင်နယ်တီဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ပွဲချိန် ၈၈ မိနစ်တွင် ရပ်ရှ်ဖို့ဒ်နှင့် အချိ်နပိုတွင် ဂရင်းဝုဒ်တို့က သွင်းယူခဲ့သည့် ဂိုးများဖြင့် လူတန်တောင်းကို အနိုင်ရရှိခဲ့သည်။

ဒိန်းဟင်ဒါဆင်သည် မန်ယူအတွက် ပထမဆုံးကစားသည့် ပွဲတွင် လက်စွမ်းပြ ကစားနိုင်ခဲ့ကာ အနိုင်ရရှိသည့်အပြင် ဂိုးမပေးခဲ့ရချေ။

ဒိန်းဟင်ဒါဆင်က “ကျွန်တော့်တစ်ဘဝလုံး အိပ်မက်မက်လာခဲ့တဲ့အရာပါ။ ကျွန်တော် ချစ်တဲ့ကလပ်အတွက် ပထမဆုံးပွဲကစားခဲ့ရတဲ့ ခံစားချက်က လုံးဝ မေ့လို့ မရပါဘူး။ ဂိုးမပေးခဲ့ရမှု၊ အနိုင်ရခဲ့မှုတို့ကြောင့် ပိုပြီးတော့ ပျော်ရတယ်”ဟု ပြောကြားသွားခဲ့သည်။

ဟင်ဒါဆင်သည် ပြီးခဲ့သည့် ရာသီတုန်းက ရှက်ဖီးလ်ယူနိုက်တက်တွင် အငှားဖြင့် ကစားစဉ်အတွင်း လက်စွမ်းပြ ကစားနိုင်ခဲ့မှုကြောင့် အင်္ဂလန်စီနီယာအသင်း၏ ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံခဲ့ရသည်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားသည် ယခုနွေတွင် ဒိန်းဟင်ဒါဆင်ကို အသင်းသို့ ပြန်လည် ခေါ်ယူခဲ့ပြီး ငါးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သည်။ ဒိန်းဟင်ဒါဆင်သည် မန်ချက်စတာယူနိုက်တက် ဦးစားပေးဂိုးသမားနေရာအတွက် ဒီဂီယာကို စိန်ခေါ်နေသည်။

နည်းပြဆိုးလ်ရှားက “လိုအပ်တဲ့အချက်မှာ ကာကွယ်မှု ပေးရပါမယ်။ ဒေးဗစ် (ဒီဂီယာ)က နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့မှာ ဒိန်း လု်ပဆောင်ခဲ့တယ်”ဟု ပြောကြားသွားသည်။

မန်ချက်စတာယူနိုက်တက်သည် ကာရာဘောင်းဖလား နောက်တစ်ဆင့်တွင် ဘရိုက်တန် (သို့မဟုတ်) ပရက်စတန်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment