မန်ယူ ဒါမှမဟုတ် လီဗာပူးလ်ကိုပြောင်းဖို့ ပီအက်စ်ဂျီက ထွက်ခွာချင်ကြောင်း အမ်ဘာပီ ပြော

ပီအက်စ်ဂျီတိုက်စစ်မှူး ကီလီယန်အမ်ဘာပီသည် မန်ယူ သို့မဟုတ် လီဗာပူးလ်သို့ပြောင်းရွှေ့နိုင်ရေးအတွက် ပါရီအခြေစိုက်ကလပ်မှ ထွက်ခွာချင်ကြောင်း ပြောကြားခဲ့သည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြသည်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် အမ်ဘာပီသည် ၂၀၁၈ တွင် မိုနာကိုမှ ပေါင် ၁၆၅ သန်းဖြင့် ရောက်ရှိလာပြီး နေမာပြီးလျှင် ကမ္ဘာ့ဒုတိယဈေးအကြီးဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရသည်။

၎င်းသည် ပီအက်စ်ဂျီနှင့်အတူ အမှတ်ပေးချန်ပီယံ ၃ ကြိမ်အပါအဝင် ပြည်တွင်းဆုဖလား ၈ လုံး ရယူထားသော်လည်း ချန်ပီယံလိဂ်တွင်မူ တစ်ကြိမ်မှ ဗိုလ်မစွဲနိုင်သေးဘဲ ၂၀၁၉-၂၀၂၀ ရာသီက ဒုတိယတစ်ကြိမ်သာ ရယူထားသည်။

ဗြိတိန်သတင်းစာ The Times က အမ်ဘာပီကိုခေါ်ယူရန် မန်ယူ၊ လီဗာပူးလ်တို့လို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်များသာမက ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့လို လာလီဂါ ထိပ်သီးကလပ်များကလည်း စိတ်ဝင်စားနေကြောင်း ဖော်ပြသည်။

၂၀၁၈ တွင် ပီအက်စ်ဂျီနှင့် ၅ နှစ်စာချုပ်ထားသော အမ်ဘာပီက ယခုဘောလုံးရာသီအပြီးတွင် ထွက်ခွာခွင့်ပေးရန် ကလပ်တာဝန်ရှိသူများအား တောင်းဆိုထားပြီး ၎င်းအတွက် ပြောင်းရွှေ့ ကြေးသတ်မှတ်ပေးရန်နှင့် အခြား ကစားသမားများနှင့် အစားထိုးနိုင်ရေးအတွက် အချိန်ပေးထားသည့်သဘောဖြစ်သည်။

ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၂၄ ပွဲတွင် ၉၀ ဂိုးသွင်းထားသော အမ်ဘာပီသည် ပါရီအခြေစိုက်ကလပ်သို့ ရောက်ရှိပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့် မန်စီးတီးတို့က မြင့်မားသည့် လစာငွေဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခဲ့ဖူးသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း လီဗာပူးလ်၏ ကစားပုံအနေအထားမှာ ရစ်သမ်မိနေသည့် စက်တစ် လုံးကဲ့သို့ ဖြစ်နေကြောင်း အမ်ဘာပီက ချီးကျူးဖူးသလို ပရီးမီးယားလိဂ်တွင် ချန်ပီယံဖြစ်ပြီး နောက်ပိုင်းတွင်လည်း လီဗာပူးလ်တွင် အရမ်းတော်သည့် နည်းပြတစ်ဦးရှိကြောင်း ပြောကြားဖူး သည်။

Ref:TheTimes

Facebook Comments Box
Facebook Comment