မန်ယူ၏ရာသီကြို ခြေစမ်းပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည့် ဗန်ဒီဘိခ်နှင့် ဟင်ဒါဆင်

မန်ယူနည်းပြဆိုးလ်ရှားသည် စနေနေ့တုန်းက ဗီလာအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သည့် ရာသီကြို ခြေစမ်းပွဲတွင် မန်ယူအတွက် ပထမဆုံးပွဲကို ကစားခဲ့ကြသည့် ဗန်ဒီဘိခ်နှင့် ဂိုးသမားဒိန်းဟင်ဒါဆင်တို့ကို ချီးကျူးသွားသည်။

ဗီလာနှင့် ရာသီကြို‌ခြေစမ်းပွဲတွင် မန်ယူနည်းပြဆိုးလ်ရှားသည် ပေါလ်ပေါ့ဘာ၊ အန်တိုနီမာရှယ်၊ ဒေးဗစ်ဒီဂီယာ၊ ဘရူနိုဖာနန်ဒက်စ်စသည့် ကစားသမားများကို ချန်လှပ်ထားခဲ့သည်။

နွေရာသီတွင် အေဂျက်စ်မှ ပေါင်သန်း ၄၀ ဖြင့် ရောက်လာသည့် နယ်သာလန် အလယ်တန်းကစားသမားဗန်ဒီဘိခ်သည် မန်ယူအတွက် ပထမဆုံးပွဲကို ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန်ပြည့်ကစားခဲ့သည်။ ထို့အတူ ဒီဂီယာထံမှ နံပါတ်တစ် ဂိုးသမားနေရာကို လွဲပြောင်းရယူရန် ပစ်မှတ်ထားနေသည့် ဟင်ဒါဆင်မှာလည်း ပွဲချိန်ပြည့်ကစားခဲ့သည်။

ဗီလာအတွက် အနိုင်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် အိုလီဝီလ်ကင်က သွင်းယူခဲ့ကာ ရလဒ်မှာ ဆိုးလ်ရှားအတွက် ကျေနပ်စရာမဟုတ်ပါဘူး။ သို့ရာတွင် ဆိုးလ်ရှားသည် ဂိုးသမားဟင်ဒါဆင်နှင့် ကစားသမားသစ် ဗန်ဒီဘိခ်တို့၏စွမ်းဆောင်ရည်များအပေါ် ကျေနပ်အားရလျက်ရှိသည်။

ဆိုးလ်ရှားက “ဒွန်နီ(ဗန်ဒီဘိခ်)က ကျွန်တော်တို့အတွက် ကြီးမားတဲ့ အားဖြည့်မှုပါ။ သူက နေရာလွတ် ရှာဖွေနေတဲ့သူ တစ်ယောက် ဖြစ်သလို သူက အချိန်ကိုက် ကိုယ့်အတွက် နေရာရအောင် ရှာဖွေ ရွှေ့လျားနေတဲ့သူပါ။ သူ့ခြေစွမ်းအပေါ် အရမ်းကျေနပ်ပါတယ်။ တစ်ချင်းပိုင်းအပါအဝင် အပြုသဘောဆောင်တာတွေ တွေ့ရပါတယ်။ ဒီယာနို(ဒိန်းဟင်ဒါဆင်)ဟာလည်း တကယ့်မန်ယူဂိုးသမားကြီး တစ်ယောက်လိုကစားသွားခဲ့တယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ တီဒန် (မန်ဂီ) ဝင်လာပြီး သူ  ဘယ်လောက်အထိ ကောင်းတယ်ဆိုတာ ပြသသွားခဲ့တယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ တိုက်စစ်ဆင်မှုအချို့ လုပ်နိုင်ခဲ့သလို ဖန်တီးမှုအချို့လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုလို ရာသီကြိုကာလမှာ ကစားသမားတွေအတွက် ပွဲက အနည်းငယ်စိမ်းနေတာကြောင့် ဒီလိုခြေစမ်းပွဲက အကျိုးရှိပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်ပတ်က ပြန်ရောက်ပြီး လေ့ကျင့်ခန်း ဆင်းခဲ့ကြတာပါ။ အခုဆိုရင် လိဂ်စတင်ဖို့ တစ်ပတ်ဘဲ လိုပါတော့တယ်။ ဒါပေမယ့် ယူရိုပါလိဂ်ကစားခဲ့ရမှု၊ နိုင်ငံပွဲကစားခဲ့မှုတို့ကြောင့် ကစားသမားတွေ သိပ်အချိန်ယူစရာမလိုပါဘူး။ ဒါပေမယ့် တချို့က ပွဲကစားဖို့ လိုနေပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ဆိုးလ်ရှား၏မန်ယူသည် လာမည့်အပတ် စနေနေ့တွင် ခရစ္စတယ်ပဲလေ့စ်တွင် ပရီးမီးယားလိဂ်အဖွင့်ပွဲကစားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment