မန်ယူနိုက်တက်ကို အနိုင်ကစားမည်ဟု နာဂယ်မန်း ကြုံးဝါး

လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်မန်းက ယနေ့ည အိုးလ်ထရက်ဖို့ဒ်တွင် ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်အား အနိုင်ကစားမည်ဟု ကြုံးဝါးလိုက်သည်။

ဘွန်ဒက်စ်လီဂါ၏ အထွန်းတောက်ဆုံး လူငယ်နည်းပြအဖြစ် သတ်မှတ်ခံထားရသော အသက် ၃၃ နှစ်အရွယ် ဂျာမန်လူမျိုး နာဂယ်မန်းသည် ယမန်နှစ်ရာသီကလည်း လိုက်ပ်ဇစ်အား ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်အထိ ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့သည်။

နာဂယ်မန်း ပထမဆုံး ကိုင်တွယ်သည့် ၂၀၁၉-၂၀၂၀ ရာသီမှာပင် လိုက်ပ်ဇစ်သည် စပါး၊ အက်သလက်တီကိုတို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်ရောက် အသက်အငယ်ဆုံး နည်းပြအဖြစ် စံချိန်တင်ထားသော နာဂယ်မန်းက ယူနိုက်တက်သည် အသင်းကောင်းတစ်သင်းဖြစ်သော်လည်းပရိသတ်မရှိသည့် အိုးလ်ထရက်ဖို့ဒ်တွင် မိမိတို့က အနိုင်ရလဒ် ရယူသွားမည်ဟု ဆိုသည်။

“မန်ချက်စတာ ယူနိုက်တက်ရဲ့ရာသီအစက သိပ်မကောင်းဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့လည်း နောက်ဆုံးကစားထားတဲ့ ပွဲတွေမှာတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ သူတို့က အရမ်းကောင်းပြီး အနိုင်ကစားဖို့လည်း အရမ်းခက်တယ်။

ကျွန်တော် အထူးပြု ပြောချင်တာက သူတို့ရဲ့တိုက်စစ်မှူးတွေ ဒါမှမဟုတ် တိုက်စစ်အားသန်တဲ့ ကွင်းလယ်လူတွေကိုပါပဲ။ တကယ်လို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခဲ့ရင် ယူနိုက်တက်ကို အနိုင်ရမှာပါ” ဟု နာဂယ်မန်းက ဆိုသည်။

၎င်းက အသင်းကြီးများ၏ စိတ်ဝင်စားခြင်း ခံနေရသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အနာဂတ်ကို မသိရှိဘဲ လက်ရှိတွင် လိုက်ပ်ဇစ်တွင်သာ ပျော်ရွှင်နေကြောင်း ပြောသည်။

Ref:bild

Facebook Comments Box
Facebook Comment