
မန်ယူဂန္ထဝင် ဆာဘော်ဘီချာလ်တန် စိတ်ဖောက်ပြန်သည့် ဝေဒနာ ခံစားနေရ
မန်ချက်စတာ ယူနိုက်တက်နှင့် အင်္ဂလန်အသင်း၏ ဂန္ထဝင် ကစားသမားကြီး ဆာဘော်ဘီချာလ်တန်သည် စိတ်ဖောက်ပြန်သည့် ဝေဒနာ ခံစားနေရကြောင်း ဇနီးသည် လေဒီနော်မာက အတည်ပြု ပြောကြားသည်။
အသက် ၈၃ နှစ်အရွယ် ဘော်ဘီချာလ်တန်သည် ၁၉၆၆ ကမ္ဘာ့ဖလား ချန်ပီယံ အင်္ဂလန် လက်ရွေးစင် အသင်းသားများအနက် သက်ရှိထင်ရှား ရှိနေသေးသည့် ၄ ဦးအနက် တစ်ဦးဖြစ်သည်။
ကွင်းလယ်တိုက်စစ် ကစားသမားဟောင်း ဘော်ဘီချာလ်တန်သည် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန် အသင်းအတွက် မိနစ်တိုင်း ကစားခဲ့ရပြီး ချန်ပီယံဆုဖလား ရယူပေးခဲ့သလို အဆိုပါနှစ်အတွက် Ballon d’Or ဆုကိုလည်း ရယူနိုင်ခဲ့သည်။
ဘော်ဘီချာလ်တန် စိတ်ကစဉ့်ကလျား ဝေဒနာ ခံစားနေရသည်ဆိုသော သတင်းသည် ယူနိုက်တက် ကစားဖော်ဟောင်း နော်ဘီစတိုင်းစ် ကွယ်လွန်ပြီး ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သလို အသက် ၈၅ နှစ်အရွယ် အစ်ကိုကြီး ဂျက်ချာလ်တန် ကွယ်လွန်သည့် ၃ လမြောက်နေ့တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အားကစားဖြင့် နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့သောကြောင့် ဗြိတိန်ဘုရင်မကြီးက ဆာဘွဲ့ဖြင့် ဂုဏ်ပြုခဲ့သော ဘော်ဘီချာလ်တန်သည် ယူနိုက်တက်အတွက် ၇၅၈ ပွဲတွင် ၂၄၉ ဂိုးသွင်းယူခဲ့ပြီး ပထမဆုံးအကြိမ် ဥရောပဖလား(ချန်ပီယံလိဂ်)ရယူသည့် ၁၉၆၈ ခုနှစ်တွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
ဇနီးသည် လေဒီနော်မာက ခင်ပွန်းသည် ဝေဒနာခံစားနေရကြောင်းကို တယ်လီဂရပ်ဖ် သတင်းစာအား ပြောကြားခဲ့ခြင်းဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းထံမှ အကူအညီ ရယူနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဖွင့်ဟသည်။
ဘော်ဘီချာလ်တန်နှင့် လေဒီနော်မာတို့ ဇနီးမောင်နှံသည် ယမန်နှစ် ရာသီနှောင်းပိုင်းက ယူနိုက်တက်၏ ပွဲအတော်များများကို လာရောက်အားပေးခဲ့သည်။
Ref:dailymail