
မန်ယူကွင်းလယ်လူ ပါရဲရား မကြာမီ ရောက်လာမည်ဟု လာဇီယိုအတည်ပြု
လာဇီယိုအားကစားဒါရိုက်တာ အီဂလီတာရီက မန်ယူကွင်းလယ်လူ ပါရဲရားသည် လာမည့် ၂ ရက်၊ ၃ ရက်အတွင်း အသင်းသို့ ရောက်ရှိလာမည်ဟု အတည်ပြုသည်။
လာဇီယိုသည် အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် ပါရဲရားကို ယခု ရက်သတ္တပတ်အတွင်း စိတ်ဝင်စားကြောင်း အတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာမှာပင် ခေါ်ယူနိုင်ခွင့် ရရှိလာခြင်းဖြစ်သည်။
ရောမအခြေစိုက် ကလပ်သည် ပါရဲရားအား တစ်ရာသီ အဌားစာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီးစာချုပ်ပြည့်ပါက ၎င်း၏ခြေစွမ်းအပေါ် မူတည်၍ ယူရို ၁၀ သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်မည်ဖြစ်သည်။
ပီအက်စ်ဗွီနှင့် မန်ယူအကယ်ဒမီထွက် ၎င်းသည် ၂၀၁၄ ခုနှစ်မှစတင်ကာ မန်ယူအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရခဲ့သော်လည်း ကစားခွင့် သိပ်မရဘဲ ၂၀၁၆-၂၀၁၇ ရာသီတွင် ဂရန်နာဒါ၊ ၂၀၁၇-၂၀၁၈ ရာသီတွင် ဗလန်စီယာသို့ အဌားသွားကစားခဲ့သည်။
ထို့နောက် မန်ယူသို့ ပြန်လည်ရောက်ရှိသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ပရီးမီးယားလိဂ် ၁၅ ပွဲအပါ ပြိုင်ပွဲစုံ ၂၂ ပွဲ၊ ၂၀၁၉-၂၀၂၀ ရာသီတွင် ပရီးမီးယားလိဂ် ၂၅ ပွဲအပါ ပြိုင်ပွဲစုံ ပွဲ ၄၀ အထိ ကစားခွင့်ရခဲ့သည်။
သို့သော်လည်း လက်ရှိရာသီတွင်မူ မာတစ်၊ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့ကြောင့် တစ်ပွဲမှ ကစားခွင့်မရသေးသလို နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်ပါ ရောက်ရှိလာ၍ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အားကစားဒါရိုက်တာ အီဂလီတာရီက ပါရဲရား ရောက်လာမည်ဟု အတည်ပြုသော်လည်း နည်းပြ အင်ဇာဂီကမူ မယုတ်မလွန်ဖြေကြားခဲ့သော်လည်း ပါရဲရားကို ကစားသမားကောင်းဟု ချီးကျူးသည်။
အင်ဇာဂီက “ပါရဲရားကို ကျွန်တော်သိတယ်။ သူက အရည်အချင်းရှိပြီး ကျွန်တော်တို့ကို ကြီးမားတဲ့ ကူညီမှုတွေ ပြုလုပ်ပေးမှာပါ။ လက်မှတ်မထိုးရသေးတဲ့ ကစားသမားတစ်ယောက်နဲ့ ပတ်သက်ပြီး အများကြီး မပြောချင်သေးပါဘူး။
ဘာတွေ ဆက်လုပ်မလဲဆိုတာကိုတော့ တာရီကပဲ သိမှာပါ။ သူ ရောက်လာမလား၊ မလာဘူးလားဆိုတာ စောင့်ကြည့်ကြတာပေါ့” ဟု မယုတ်မလွန် ပြောသည်။
Ref:footballitalia