မန်စီးတီး ဘာလဲ ဘယ်လဲ

ဖလား ၃ လုံးပိုင်ရှင်
မန်စီးတီးကတော့ ဒီရာသီမှာ
ချန်ပီယံဘွဲ့တွေ ကာကွယ်နိုင်ဖို့
မနှစ်ကထက် ပိုကြိုးစားရမယ့်
အနေအထားပါ။ ချန်ပီယံကို
ဖြိုချင်ကြတဲ့အသင်းတွေ
များမှများ။ တွေ့တာနဲ့
အခက်တွေ့အောင် လုပ်မယ်။

တီးမယ်ဆိုတာချည်းပဲ။
အဲဒီအဆင့်ကနေ တပြားသားမှ
မလျှော့ပေးချင်ကြဘူး။
အောက်အသင်းလေးတွေကလည်း
ဆော်မယ်ဆိုတာချည်းပဲ။
ရှုံးကာမှ ရှုံးရော။

ချန်ပီယံကို ဖြိုနိုင်မှ
ဂုဏ်တက်နိုင်မှာလေ။
မဟုတ်ဘူးလား။
ဒါကြောင့် မန်စီးတီးအနေနဲ့
ပြိုင်ဘက်တွေရဲ့ အညှိုးတွေကို
ရင်ဆိုင်နေရတယ်။ ခြေတလှမ်း
မှားလို့မရဘူး။

မှားတာနဲ့ အစားခံရမှာ။
အသင်းတသင်း အောင်မြင်ဖို့ဆိုတာ
ခြေစွမ်းကောင်းကို တသမတ်တည်း
ဆက်ထိန်းနိုင်မှု၊ ကစားသမားအင်အား
တောင့်တင်းမှု၊ နည်းပြအမြော်အမြင်ရှိမှု
စတာတွေက အဓိကနေရာက
ပါမယ်ထင်တယ်။ နောက်ထပ်
အရေးကြီးတာတခုက ဒဏ်ရာ
ကင်းစင်ဖို့ကလည်း အခရာကျတယ်။
မန်စီးတီးရဲ့ ဒီရာသီတာထွက်က
လှပနေတယ်။

ကွန်မြူနတီဒိုင်းမှာ အာဆင်နယ်ကို
ရှုံးပေမယ့် ဥရောပစူပါဖလားမှာတော့
ဆီဗီလာကို ပင်နယ်တီအဆုံးအဖြတ်နဲ့
ပြန်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်
အဖွင့် ၂ ပွဲမှာလည်း ဘန်လေနဲ့
နယူးကာဆယ်ကို အနိုင်ရထားတယ်။
ရဂိုး ၄ ဂိုး၊ ပေးဂိုးနတ္ထိနဲ့ ယမန်နှစ်
မန်စီးတီးကို မြင်နေရတယ်။

ဒါပေမဲ့ အစ်တီဟတ်ကို
ကြိုတင်မသိနိုင်တဲ့
ကံတရားက ဝင်မွှေခဲ့တယ်။
ဒဏ်ရာပြဿနာပေါ့။
ပထမဦးဆုံး အသင်းခေါင်းဆောင်
ဒီဘရိုင်းနားက တံကောက်ကြောဒဏ်ရာ
ခွဲစိတ်ခဲ့လို့ ၄၊ ၅ လလောက်
အနားယူရတော့မယ်။ ဆက်တိုက်
ဆိုသလိုပဲ ဘာနာဒိုဆေးလ်ဗားက
အဖျားဝေဒနာကြောင့် ဆီဗီလာ၊
နယူးကာဆယ်ပွဲတွေကို
လွဲခဲ့ရတယ်။

အခုထိလည်း မကစားနိုင်သေးဘူး။
တတိယဂီလာနက နောက်ခံလူ
ဂျွန်စတုန်းစ်။ အင်္ဂလန်သားက
ရာသီကြိုမှာရခဲ့တဲ့
ကြွက်သားဒဏ်ရာကြောင့်
အခက်တွေ့နေရတာပါ။
အကျိုးဆက်ကတော့ ဘန်လေ၊
ဆီဗီလာ၊ နယူးကာဆယ်ပွဲတွေကို
လွဲခဲ့ရတာပါပဲ။

ပြန်လာနိုင်တာက နိုင်ငံတကာ
ရက်သတ္တပတ်ဖြစ်တဲ့ စက်တင်ဘာ
၄ ကနေ ၁၂ ရက်အပြီးမှတဲ့။
ဒါကြောင့် သူ့ကို ရှက်ဖီးလ်၊
ဖူလ်ဟမ်ပွဲတွေမှာလည်း
လက်လွှတ်ရဦးမယ်။ ဒီမောင်
၃ ယောက်က မန်စီးတီးရဲ့
အမာခံ ကစားသမားတွေ။

ဂွါဒီယိုလာကိုယ်တိုင်က
အဓိက ကစားသမားတွေကို
ဆုံးရှုံးထားရလို့ နစ်နာရကြောင်း
ပြောဖူးတယ်။ ဩဂုတ် ၂၁ ရက်ကပေါ့။
အဆင်မပြေရင် ပြဿနာက
တောက်လျှောက်ဝင်လာတတ်တာမျိုး။

ဂွါဒီယိုလာကိုယ်တိုင်
နောက်တရက်ဖြစ်တဲ့
ဩဂုတ် ၂၂ ရက်မှာ
နောက်ကျောဒဏ်ရာ
ခွဲစိတ်ခဲ့လို့ တလနီးပါး
အနားယူရတော့မယ်။
မကြာခဏ ဒုက္ခပေးနေတဲ့
ကျောဒဏ်ရာကို ဘာစီလိုနာမှာပဲ
ခွဲစိတ်ခဲ့တာ။

မန်ချက်စတာကို မပြန်ဘဲ
ဘာစီလိုနာမှာပဲ
အေးဆေးနေဦးမယ်။
စပိန်သားကလည်း
ဂျွန်စတုန်းစ်လိုပဲ
နိုင်ငံတကာပွဲစဉ်တွေ
အပြီးမှ မန်စီးတီးကို
ပြန်ကိုင်မှာ။ လတ်တလောတော့
ဂွါဒီယိုလာရဲ့ လက်ထောက်
ဟွမ်မာလီလိုက ယာယီ
ကိုင်တွယ်သွားမယ်။

အဓိက ကစားသမားတွေ
တယောက်ပြီးတယောက်
အနားယူနေရချိန်မှာ
ဂွါဒီယိုလာကပါ ဂီလာန
စာရင်းထဲပါသွားတော့
မန်စီးတီးရဲ့ အနေအထားက
သိပ်တော့မကောင်းဘူး။
ဒါကို ပြိုင်ဘက်တွေ
အခွင့်အရေးယူနိုင်ရင်တော့
မဟာအခွင့်အရေးပဲ။
ဒါပေမဲ့လည်း မန်စီးတီးကရော
ဒါမျိုး အဖြစ်ခံမလား။

ချန်ပီယံတို့မည်သည်
ဘယ်လို အခြေအနေမျိုးပဲ
ကြုံလာပါစေ။
အခက်အခဲ အတားအဆီးတွေကို
ရင်ဆိုင်ကျော်ဖြတ်ရစမြဲပဲလေ။
မကျော်လွှားနိုင်ရင် ချန်ပီယံ
ဘယ်မည်မလဲ။

ဘာတွေဖြစ်လာမလဲ
စောင့်ကြည့်ကြတာပေါ့…

Facebook Comments Box
Facebook Comment