မန်စီးတီး၏လာမည့်ပွဲသုံးပွဲကို ဂျီးဆပ်စ် လွဲချော်မည်

ဂါဘရီရယ်ဂျီးဆပ်စ်သည် ဒဏ်ရာပြဿနာကြောင့် မန်စီးတီး၏လာမည့်ပွဲသုံးပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

မန်စီးတီးတိုက်စစ်မှူးသည် ဒဏ်ရာပြဿနာ ကြောင့် ဘရာဇီး၏ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် လူစာရင်းမှ နုတ်ထွက်ခဲ့ရသည်။ သူသည် ဘိုလီးဗီးယား၊ ပီရူးတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ဘရာဇီး လူစာရင်းတွင် ရွေးချယ်ခြင်းခံထားရသော်လည်း ဒဏ်ရာပြဿနာကြောင့် နုတ်ထွက်ခဲ့ရသည်။

အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးသည် မန်စီးတီး၏လာမည့်ပွဲသုံးပွဲအပြင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ နှစ်ပွဲကိုလည်း လွဲချော်မည် ဖြစ်သည်။

မန်စီးတီးသည် တိုက်စစ်မှူးဆာဂျီယိုအဂူရိုမှာလည်း ဒူးဒဏ်ရာကြောင့် အောက်တိုဘာလအထိ အနားယူနေရရာ တိုက်စစ်အတွက် လူငယ်တိုက်စစ်မှူး လီယမ်ဒီလက်ပ်တစ်ဦးတည်းသာ ရွေးချယ်စရာ ရှိနေသည်။

ကြားရက်တုန်းက ဘုန်းမောက်ကို အနိုင်ရရှိသည့် ကာရာဘောင်းဖလားပွဲအပြီးတွင် မန်စီးတီးနည်းပြဂွါဒီယိုလာက လာမည့် လက်စတာနှင့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝ သည့် ကစားသမား ၁၃ ဦးတည်းသာ ရှိနေကြောင်း ဖွင့်ဟခဲ့ဖူးသည်။

ရီယက်ဇ်မရာ့ဇ်နှင့် လာပေါ်တီတို့မှာ ကိုဗစ်မှ ပြန်လည်ကောင်းမွန်လာပြီးနောက် မန်စီးတီးအတွက် ကစားရန် အသင့်ဖြစ်နေပြီဖြစ်သော်လည်း ဂန်ဒိုဂန်မှာမူ ကွာရန်တေး ဝင်နေဆဲ ဖြစ်သည်။

နောက်ခံလူ အဲရစ်ဂါစီယာမှာ ခေါင်းဒဏ်ရာမှ ပြန်လည်ကောင်းမွန်ပြီဖြစ်သော် လည်း ဘားနတ်ဒိုဆေးလ်ဗား၊ ကန်စီလို၊ အော့တာမန်ဒီ၊ ဇင်ချန်ကိုတို့မှာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်သည်။

မန်စီးတီးနည်းပြဂွါဒီယိုလာသည် တနင်္ဂနွေနေ့တွင် ဘရန်ဒန်ရော်ဂါ၏လက်စတာ နှင့်ပွဲတွင် ဒီလက်ပ်ကို ဆက်လက် အသုံးပြုသွားရန် ရှိနေသည်။ ဒီလက်ပ်သည် ကြားရက်တုန်းက ဘုန်းမောက်နှင့်ပွဲတွင် မန်စီးတီးအတွက် ပထမဆုံးကစား သည့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သူလည်း ဖြစ်သည်။ သူသည် ယင်းပွဲတွင် အကယ်ဒမီကစားသမားအချို့တို့ကို အရန်စာရင်းတွင် ဆက်လက် ထည့်သွင်းသွားမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment