မန်စီးတီး၏စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဂွါဒီယိုလာ မေးခွန်းထုတ်

လက်စတာအား ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဂွါဒီယိုလာသည် မန်စီးတီး၏ စိတ်ဓာတ်ပိုင်းကို မေးခွန်းထုတ်လိုက်သည်။

ဂွါဒီယိုလာ၏မန်စီးတီးသည် ပွဲအစ ၄ မိနစ်တွင် မရာ့ဇ်၏ ဂိုးဖြင့် ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့သော်လည်း ပထမပိုင်းတွင်ပင် ဂျေမီဗာဒီက ပင်နယ်တီမှ တစ်ဆင့် ချေပ ဂိုး သွင်းပြီးနောက် ကစားပုံ ပြိုကျသွားခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းတွင် ဗာဒီကပင် လက်စတာအတွက် ဦးဆောင်ဂိုး သွင်းခဲ့ပြီး လေးမိနစ်အကြာတွင် ပင်နယ်တီမှ တဆင့် ဟက်ထရစ် ဂိုးကို သွင်းယူခဲ့သည်။

အကဲက မန်စီးတီးအတွက် ချေပဂိုးတစ်ဂိုး သွင်းနိုင်ခဲ့သော်လည်း မက်ဒီဆင်နှင့် တဲလ်လီမန်းတို့က လက်စတာအတွက် အနိုင်သေချာစေမည့် ဂိုးများ သွင်းယူခဲ့ကြသည်။

ဂွါဒီယိုလာသည် နည်းပြဘဝတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ၅ ဂိုးပေးခဲ့ရခြင်းဖြစ်ပြီး မန်စီးတီးမှာလည်း ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း၌ ၅ ဂိုးပေးခဲ့ရခြင်း ဖြစ်သည်။

ဂွါဒီယိုလာက “သူတို့(လက်စတာ)က ခံစစ်နဲ့ဘဲ ကစားတယ်။ အခွင့်အရေး ဖန်တီးမှု နည်းတော့ ကျွန်တော်တို့ စိုးရိမ်လာခဲ့ကြပါတယ်။ လက်စတာက ပွဲမကစားချင်ပါဘူး။ သူတို့က တန်ပြန်တိုက်စစ်နဲ့ဘဲ ကစားချင်ပါတယ်။ ဗာဒီက အရမ်းပြေးနေတာသိတယ်။ ဘားနက်စ်ကို ထိန်းချုပ်ခိုင်းထားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကောင်းကောင်း မကစားနိုင်တော့ စိုးရိမ်စိတ် ဝင်လာကြတယ်။ ကျွန်တော်ကတော့ လက်မလျှော့ပါဘူး။ ကျွန်တော် အဖြေရှာသွားပါမယ်။ ဘာပဲဖြစ်ဖြစ် ဒီရလဒ်ကိုတော့ လက်ခံရပါမယ်။ အခုမှာ ပရီးမီးယားလိဂ် ဒုတိယမြောက်ပွဲဘဲ ရှိပါသေးတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဂွါဒီယိုလာသည် ကစားသမားများ၏ စိတ်ဓာတ်ပိုင်းအပေါ် မေးခွန်းထုတ်ခဲ့သည်။

ဂွါဒီယိုလာက “မိနစ် ၃၀ အထိ အကောင်းဆုံးကစားခဲ့ကြတယ်။ လေးမိနစ်မှာ တစ်ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်တော့ ကိုယ့်ကစားပုံ မကောင်းဘူးဆိုပြီး ထင်လာကြတယ်။ ကျွန်တော်တို့ မတည်ငြိမ်ခဲ့သလို စိတ်လည်း မရှည်ခဲ့ကြဘူး။ နောက်တော့ ကစားပုံ ဆိုးတယ်လို့ ကိုယ့်ကိုယ်ကို ထင်လာကြတယ်။ ပထမပိုင်းပြီးတော့ ကစားပုံ ကောင်းတယ်၊ စိတ်ရှည်ရှည်ထားဖို့လိုတယ်လို့ ပြောခဲ့တယ်။ ကျန်တာ အားလုံး ငါတို့ လက်ထဲမှာ ရှိလာမယ်လို့လည်း ပြောခဲ့တယ်”ဟု ပြောကြားသွားခဲ့သည်။

Facebook Comments Box
Facebook Comment