မန်စီးတီးနှင့်ပွဲကို ဘောလုံးလောကတွင် အခက်ခဲဆုံးပွဲဟု ကလော့ပ် ပြောကြား

လီဗာပူးနည်းပြကလော့ပ်သည် လီဗာပူး၏ ထိပ်သီးကလပ်များနှင့် ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေမှုအပေါ် စိတ်လှုပ်ရှားရသော်လည်း မန်စီးတီးနှင့်ပွဲတွင် ရမှတ် ၃ မှတ် အပြည့်အဝ ရရှိရေး စိန်ခေါ်မှုမှာ အလွန် ခက်ခဲနေသည်ကို နားလည်ထားသည်။ လီဗာပူးသည် တနင်္ဂနွေနေ့တွင် အီတီဟတ်ကွင်းသို့ သွားရောက်ကာ ပက်ဂွါဒီယိုလာ၏ မန်စီးတီးကို ရင်ဆိုင် ကစားရမည် ဖြစ်သည်။ မန်စီးတီးနှင့် လီဗာပူးတို့သည် ယခုရာသီ ပရီးမီးယားလိဂ်ဖလားအတွက် ရေပန်း အစားဆုံးအသင်းများ ဖြစ်ကြရာ ယခုပွဲရလဒ်မှာ ချန်ပီယံဆုအတွက် အလွန် အရေးပါနေသည်။

မန်စီးတီးသည် လီဗာပူးနှင့် ရမှတ် ၅ မှတ်ကွာဟနေသော်လည်း တစ်ပွဲလျှော့ကစားထားရာ ယခုပွဲမှာ အနိုင်ရရှိရေးအတွက် အထူးအရေးပါနေသည်။

ကလော့ပ်က “ဒီလိုပွဲမျိုးမှာ ပျော်ပါတယ်။ ဒီလိုပွဲမျိုးအတွက် ပြင်ဆင်ရတာကို ကြိုက်ပါတယ်။ ဒါပေမယ့် မလွယ်ကူပါဘူး။ အရမ်းခက်ခဲတဲ့ စမ်းသပ်မှု ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ရင်ဆိုင်ရတဲ့ ပွဲက ကမ္ဘာ့ဘောလုံးလောကမှာ အခက်ခဲဆုံးပွဲလို့တောင် ပြောချင်ပါတယ်။ ပြင်ဆင်ရတာ ပျော်တယ်ဆိုပေမယ့် ကျွန်တော်တို့ဟာ သူတို့နဲ့ ရင်ဆိုင်ရတဲ့ ပွဲတစ်ချို့ ရှုံးနိမ့်ထားပါတယ်။ ဒီတော့ သူတို့နဲ့ ရင်ဆိုင်ရတဲ့အခါ ပြန်အနိုင်ရမယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် တစ်ပွဲပြီးတစ်ပွဲ ပြင်ဆင်ရတာ ပျော်စရာကောင်းနေပါတယ်”ဟု ပြောကြားသွားသည်။

ထို့အပြင် ကလော့ပ်က ကစားဟန် ပြောင်းလဲ ကစားတတ်သည့် ပရီးမီးယားလိဂ်ကလပ်များကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် မန်စီးတီးကဲ့သို့ ကစားဟန်တစ်မျိုးတည်းဖြင့်သာ ဆက်တိုက် ကစားလာသည့် အသင်းအား ရင်ဆိုင်ရသည့်အခါ အလွန်ခက်ခဲလေ့ရှိကြောင်း ပြောကြားသွားသည်။

ကလော့ပ်က “ ခင်ဗျားတို့ကတော့ အပြောင်းအလဲတွေ လုပ်တတ်တဲ့အသင်းနဲ့ပွဲအတွက် ပြင်ဆင်ရတာ ခက်ခဲတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ခက်ခဲပါတယ်။ မန်စီးတီးကတော့ သူတို့လုပ်နေကြအလုပ်ဘဲ လုပ်တယ်။ မကောင်းရင်‌ ကောင်းသထက်ကောင်းအောင် အမြဲတမ်း လုပ်နေတယ်။ ဒီတော့ ပြင်ဆင်ရတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဒါပေမယ့် မန်စီးတီးလို့ အရမ်း အရည်အသွေးမြင့်တဲ့အသင်းနဲ့ ပွဲတွေအများကြီး မကစားရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။

အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသည့် လီဗာပူးသည် မန်စီးတီးအား အဓိကကစားသမားများဖြစ်သည့် ဖာဘင်ဟို၊ ဗန်ဒိုက်၊ တီယာဂိုတို့ မပါဝင်ဘဲ ရင်ဆိုင် ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment