မန်စီးတီးတွင် နှစ်များစွာ ဆက်ရှိလိုကြောင်း ဂွါဒီယိုလာ ပြောကြား

ပက်ဂွါဒီယိုလာက မန်စီးတီးတွင် ကာလရှည်ကြာ ဆက်ရှိလိုကြောင်း၊ သို့ရာတွင် ၎င်းအနေဖြင့် ဆက်ရှိရန် ထိုက်တန်ကြောင်း ပြသသွားရမှာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မန်စီးတီးနည်းပြ၏လက်ရှိစာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့ပြီ ဖြစ်ပြီး ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မေးခွန်းများမှာ စာချုပ်သက်တမ်းမတိုးမီ (သို့မဟုတ်) ထွက်ခွာသည်အထိ ထွက်နေရန် ရှိနေသည်။

ဂွါဒီယိုလာသည် ၂၀၁၆ ခုနှစ်တွင် မန်စီးတီးသို့ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ဖလားနှစ်လုံး အပါအဝင် ဆုဖလားခြောက်လုံး ရယူပေးထားသူ ဖြစ်သည်။

ဂွါဒီယိုလာသည် မန်စီးတီးနှင့် တစ်နှစ်စာချုပ်သာ ကျန်တော့သော်လည်း အနာဂတ်နှင့်ပတ်သက်၍ တွေးပူခြင်းမရှိဘဲ စာချုပ်သစ်ကမ်းလှမ်းခံရမည်ဟု ယုံကြည်နေသည်။ သို့ရာတွင် ၎င်းအနေဖြင့် စာချုပ်သစ်နှင့် ထိုက်တန်ကြောင်း ပြသရမည်ဟု ပြောကြားသွားသည်။

အသက် ၄၉ နှစ်ရှိ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက “ဒီမှာအကြာကြီးဆက်နေချင်တယ်။ဒီနေရာကို ကြိုက်တယ်။ ဒါပေမယ့် ဆက်နေဖို့ ထိုက်တန်ဖို့လည်း လိုပါတယ်။ ဒီကလပ်ဟာ ထိပ်တန်းအောင်မြင်မှုတွေ ဆယ်စုနှစ်တစ်ခု ရှိလာပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒါကို ဆက်ထိန်းထားရပါမယ်။ ဒီရာသီမှာ ကလပ်ကို ဘယ်လောက်အထိ တိုးတက် အောင် လုပ်နိုင်သလဲ ကြည့်ပြီး စာချုပ်သစ်နဲ့ ကျွန်တော် ထိုက်တန်သလားဆိုတာ ကြည့်ရပါမယ်”ဟု ပြောကြားသွားသည်။

ထို့အပြင် မန်စီးတီးနည်းပြဂွါဒီယိုလာက ဝါရင့်ကွင်းလယ်အဖျက် ကစားသမား ဖာနန်ဒင်ဟိုကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာသွားသည်။ ဖာနန်ဒင်ဟိုသည် မန်စီးတီးမှ ဆိုစီဒက်သို့ ဒေးဗစ်ဆေးလ်ဗား ထွက်ခွာသွားပြီးနောက် လစ်လပ်နေသည့် အသင်းခေါင်းဆောင်နေရာမှာ ခန့်အပ်ခြင်းခံလိုက်ရခြင်းလည်း ဖြစ်သည်။ ဂွါဒီယိုလာက ဖာနန်ဒင်ဟိုအား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ရန် မိမိ၊ ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များက ပူးပေါင်းဆွေးနွေး ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

အသက် ၃၅ နှစ်ရှိ ဘရာဇီးကစားသမားသည် ပြီးခဲ့သည့် ရာသီတုန်းက ဒေးဗစ်ဆေးလ်ဗား မပါဝင်သည့် ပွဲများတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဇန်နဝါရီလတုန်းက မန်စီးတီးနှင့် စာချုပ်သက်တမ်းတိုးခဲ့သူ ဖြစ်သည်။ သူ၏လက်ရှိစာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment