မန်စီးတီးတွင် ဒိုင်ယက်စ် အထိုင်ချအောင် အချိန်ပေးရမည်ဟု ဂွါဒီယိုလာပြောကြား

ပက်ဂွါဒီယိုလာက မန်စီးတီးအနေဖြင့် ဗဟိုနောက်ခံလူသစ် ရူဘင်ဒိုင်ယက်စ်ကို ပတ်ဝန်းကျင်သစ်တွင် အထိုင်ကျအောင် အချိန်ပေးရမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အသက် ၂၃ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ဗဟိုနောက်ခံလူသည် ဘင်ဖီကာမှ မန်စီးတီးသို့ ပေါင် ၆၃ သန်းဖြင့် ပြောင်းခဲ့သူ ဖြစ်ပြီး မန်စီးတီး ဘောလုံး ဒါရိုက်တာ ဘီဂီရီစတိန်းက စစ်မှန်သည့် ခေါင်းဆောင်တစ်ဦးဟု ချီးကျူးထားသည်။

ဒိုင်ယက်စ်သည် ပြီးခဲ့သည့် စနေနေ့က လိဒ်ယူနိုက်တက်နှင့် တစ်ဂိုးစီ သရေကျသည့်ပွဲတွင် လာပေါ်တီနှင့် တွဲဖက်ကာ မန်စီးတီးခံစစ်တွင် စတင် ကစားခဲ့ပြီး အကောင်းဆုံး ကစားကာ အားလုံး၏ ယုံကြည်မှု ရရှိခဲ့သည်။

ဂွါဒီယိုလာက ပေါ်တူဂီနောက်ခံလူထံမှာ ကြီးကျယ်သည့် အရာများ မျှော်လင့်နိုင်သော်လည်း အသင်းသစ်တွင် အထိုင်ကျရန် အချိန်ပေးဖို့ လိုအပ်နေကြောင်း ပြောကြားလိုက်သည်။

ဂွါဒီယိုလာက “သူက ကျွမ်းကျင်မှုဘဲ ရှိတဲ့ ကစားသမားတစ်ဦး မဟုတ်ပါဘူး။ မွေးရာပါ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက အခုမှ ၂၃ နှစ်ဘဲ ရှိသေးပေမယ့် မကြာမီကာလအတွင်းမှာ ပေါ်တူဂီမှာလည်း အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူပါ။ သူ့အနေနဲ့ ဒီက ကစားသမားတွေအကြောင်းသိဖို့၊ ကျွန်တော်တို့ ဘယ်လို ကစားချင်တယ်ဆိုတာ သိဖို့ အချိန်ယူရပါမယ်။ ဒါပေမယ့် သူက မန်စီးတီးနဲ့ ခြောက်နှစ် စာချုပ်ချုပ်ဆိုထားတာပါ။ ဒီကာလတွေအတွင်းမှာ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာဖို့ သေချာပါတယ်” ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment