မန်စီးတီးကို အနိုင်ရပြီးနောက် ရှယ်ယာတန်ဖိုး မြင့်တက်လာတဲ့ လိုင်ယွန်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်ထိပ်သီးကလပ် မန်စီးတီးအား ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့ပြီးနောက် ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်း၏ စတော့ရှယ်ယာဈေးနှုန်းက ၆ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း သိရသည်။


သြဂုတ်လ ၁၅ ရက်က ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တွင်ကစားခဲ့သော မန်စီးတီးနှင့်ပွဲတွင် လိုင်ယွန်အသင်းမှာ အောက်အနေအထားသာရှိသော်လည်း ဂွါဒီယိုလာကိုင်တွယ်နေသည့် မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ယူကာ ဆယ်စုနှစ်တစ်ခုအတွင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့သည်။


ပြင်သစ်အမှတ်ပေးချန်ပီယံ ၇ ကြိမ်ဖြစ်ဖူးသော လိုင်ယွန်အသင်းသည် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ၂၀၀၉-၂၀၁၀ ရာသီက ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ်ရှိသွားပြီဖြစ်သည်။


မန်စီးတီးအသင်းအား အနိုင်ယူကျော်ဖြတ်နိုင်ပြီးနောက် လိုင်ယွန်အသင်း၏ စတော့ရှယ်ယာတန်ဖိုးမှာ ၆ ဒသမ ၉ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။ သြဂုတ်လ ၁၇ ရက် အစောပိုင်းကဖွင့်လှစ်သော စတော့ရှယ်ယာဈေးကွက်တွင် တစ်စုလျှင် ၂ ဒသမ ၂၉ ယူရိုတန်ဖိုးရှိ လိုင်ယွန်အသင်း၏ ရှယ်ယာဈေးက ရုတ်တရက် ခုန်တက်သွားခဲ့သည်။


ယော်ကာအက်ဖ်၊ ဘန်ဇီမာ၊ ဂျူ နင်ဟို၊ ဂိုမစ်၊ နဘီလ်ဖီကာ၊ တိုလစ်ဆို၊ ဟူဂိုလိုရစ်၊ အဘီဒယ် စသည့်နာမည်ကျော်ကစားသမားပေါင်း မြောက်မြားစွာမွေးထုတ်ပေးခဲ့သည့် လိုင်ယွန်အသင်းသည် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘာစီလိုနာကို ဂိုးပြတ်အနိုင်ရခဲ့သော ဘိုင်ယန်မြူးနစ် အသင်းနှင့် သြဂုတ်လ ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Ref: Reuters

Facebook Comments Box
Facebook Comment