မန်စီးတီးကို လီဗာပူး ဘယ်လို အနိုင်ယူနိုင်သလဲ ကလော့ပ် ဖွင့်ဟ

ဂျာဂင်ကလော့ပ်က သတ္တိရှိခြင်းနှင့် စည်းလုံးခြင်းတို့ဖြင့် မန်စီးတီးနှင့်ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ကြောင်း ပြောကြားလာသည်။ လီဗာပူးသည် ယနေ့ညတွင် အီတီဟတ်သို့ သွားရောက်ကာ မန်စီးတီးကို ရင်ဆိုင်ကစားရမည် ဖြစ်သည်။

ဂွါဒီယိုလာ၏ မန်စီးတီးသည် ယနေ့ညပွဲ အနိုင်ရရှိပါက တစ်ပွဲလျှော့ကစားပြီး လီဗာပူးနှင့် ၂ မှတ်ကွာဟလာမည် ဖြစ်သည်။ မန်စီးတီးသည် ဇူလိုင်လတုန်းက လီဗာပူး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီးနောက် ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ကလော့ပ်က “စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ ရာနှုန်းပြည့် အာရုံမစိုက်ဘူးဆိုရင် အကြီးအကျယ် ရှုံးပါလိမ့်မယ်။ ဒီပွဲမှာ ချန်ပီယံဆုကို ကာကွယ်ဖို့ အသင့်ဖြစ်နေပြီလားလို့ ပြသမယ့်ပွဲလားဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာနေပါတယ်။ ကျွန်တော်တို့အမှတ်ပေးဖလားရပြီး ပထမဆုံးပွဲအဖြစ် ကစားခဲ့ရတာပါ။ အရိုးသားဆုံး ပြောရရင် ဘယ်လို ပြင်ဆင်ရမလဲ မစဉ်းစားခဲ့ပါဘူး။ ကစားသမားတွေကို လွန်ခဲ့တဲ့ သုံးရက်တုန်းက ဖြစ်ခဲ့တာကို မေ့ဖျောက်ပြီး အလွန်အကျွံ မလုပ်စေချင်ခဲ့ပါဘူး။ အခုတော့ မန်စီးတီးနဲ့ပွဲမှာ ဘာလဲဆိုတာ တစ်ကမ္ဘာလုံးကို ပြသရပါတော့မယ်။ ကောင်လေးတွေက အနိုင်ယူချင်ပေမယ့် ပုံမှန်အချိန်တွေမှာလို အာရုံမစိုက်ခဲ့ကြပါဘူး။ အဲဒီညတုန်းက ကျွန်တော်တို့ အကောင်းဆုံကစားနိုင်ခဲ့ကြတုန်းပါ။ ဒါပေမယ့် ကံဆိုးစွာဘဲ ကျွန်တော်တို့ ဂိုးမသွင်းခဲ့ပါဘူး။ သူတို့ကတော့ လေးဂိုးသွင်းသွားကြပါတယ်။ ဒါပေမယ့် ဒီပွဲက ကျွန်တော့်ဘဝမှာ အကြီးမားဆုံးရှုံးပွဲမဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

ကလော့ပ်သည် ဂွါဒီယိုလာနှင့် ရင်ဆိုင်ခဲ့သည့်ပွဲများတွင် ရလဒ်ကောင်းမွန်သူဖြစ်သည်။ ဂွါဒီယိုလာနှင့် ခြောက်ကြိမ်နှင့်အထက် ရင်ဆိုင်ခဲ့ဖူးသည့် နည်းပြများထဲတွင် ကလော့ပ်မှာ ရှုံးပွဲထက် နိုင်ပွဲ ပိုများသည့် တစ်ဦးတည်းသော နည်းပြလည်း ဖြစ်သည်။

ကလော့ပ်က “မှတ်တမ်းတွေကို ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တစ်ကြိမ်ပြီးတစ်ကြိမ် ရင်ဆိုင်ခဲ့ကြရာမှာ ပွဲတိုင်း မရှုံးခဲ့ပါဘူး။ ဒါပေမယ့် ပွဲတိုင်းက အရမ်းခက်ခဲတာ ကျွန်တော်သိပါတယ်။ ကျွန်တော်စိုးရိမ်တာကတော့ နောက်ဆုံးပွဲမှာတုန်းကလို မကစားနိုင်မှာကိုပါ။ ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံလုနီးပါး စုစည်းမှု ရှိရပါမယ်။ သတိ္တရှိရမယ်။ ကိုယ့်စတိုင်ကိုယ်ကစားရမယ်။ ပြီးတော့ သူတို့ကိုလည်း ဒုက္ခရောက်အောင် လုပ်နိုင်ရမယ်။ ပြောရတာ လွယ်ကူပေမယ့် ဒါတွေက ဒုံးပျံသိပ္ပံလို မဟုတ်ပါဘူး။ သူတို့က ကိုယ့်ကို ဖိအားအောက်သို့ တွန်းပို့တာကြောင့် အရမ်းခက်ခဲပါတယ်”ဟု ပြောကြားသွားသည်။

ကလော့ပ်သည် မန်စီးတီးနှင့်ပွဲတွင် လီဗာပူးဗဟိုခံစစ်၌ ဂျိုယေးမာတစ်နှင့် ဂျိုးဂိုမက်ဇ်တို့ အတွဲကို အသုံးပြုသွားဖွယ်ရှိနေသည်။ ထို့အပြင် ကလော့ပ်သည် အတ္တလန္တာနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဟက်ထရစ်သွင်းနိုင်ခဲ့သည့် ဂျိုတာကို ပွဲထွက်ခွင့်ဆက်ပေး/မပေးကိုလည်း ခက်ခဲစွာ ဆုံးဖြတ်သွားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment