မန်စီးတီးကို ချန်ပီယံစာရင်းမှ ဖယ်ထားရန် စောလွန်းသေးကြောင်း ဂွါဒီယိုလာ ပြောကြား

ပက်ဂွါဒီယိုလာက မန်စီးတီးကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်သည့်အသင်းများ စာရင်းမှ ဖယ်ရှားရန် စောလွန်းသေးကြောင်း ပြောကြားလိုက်သည်။ မန်စီးတီးသည် ယခုအပတ်၌ လိဒ်နှင့်ပွဲတွင် သရေဖြင့်သာ ကျေနပ်ရကာ အမှတ်များ ထပ်မံ ဆုံးရှုံးခဲ့ရသည်။

လိဒ်နှင့် မန်စီးတီးနှင့်ပွဲစဉ်မှာ တိုက်စစ်အသားပေးကစားသည့် အသင်းနှစ်သင်းဆုံတွေ့သည့် ပွဲဖြစ်တာနှင့်အညီ တစ်ဂိုးစီသရေဖြင့် ပြီးဆုံးသွားခဲ့သော်လည်း ဂိုးပေါက်ကန်သွင်းမှု ၃၅ ကြိမ်အထိ ရှိခဲ့သည်။ မန်စီးတီးသည် စတာလင်း၏ဂိုးကို ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း ဂိုးသမားအီဒါဆင်၏အမှားမှ တဆင့် ရိုဒရီဂိုက လိဒ်အတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။

မန်စီးတီးသည် လိဒ်နှင့်ပွဲတွင်လည်း သရေကျခဲ့မှုကြောင့် ၂၀၂၀-၂၁ ပရီးမီးယားလိဂ် ရာသီတွင် တစ်ပွဲတည်းသာ အနိုင်ရရှိထားသည်။ ၎င်းတို့သည် ပြီးခဲ့သည့် အပတ်တုန်းက လက်စတာကို အိမ်ကွင်းတွင် ၅-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။

သို့ရာတွင် ဂွါဒီယိုလာက “ကျွန်တော်တို့ ဘယ်အခြေအနေမှာ ရှိနေလဲဆိုတာ သိပါတယ်။ နည်းပြတစ်ယောက်အနေနဲ့တော့ ကျွန်တော်တို့ လုပ်ဆောင်ထားနိုင်မှုတွေ အပေါ် ကျေနပ်အားရပါတယ်။ သုံးပွဲတည်းဘဲ ကစားရသေးတဲ့အချိန်မှာ အခြားအသင်းတွေ လိဂ်ဖလားကို ရယူသွားတော့မယ်လို့ မတွေးပါဘူး။ သူတို့မှာ အခွင့်အရေးအများကြီး ရသွားပြီလို့လည်း မထင်ပါဘူး။ အခုမှ အစဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့မှာ အထိုင်ကျအောင် လုပ်ရစရာလေးတွေ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးအနေအထားသို့ ရောက်ဖို့ အနည်းငယ်လိုပါသေးတယ်။ ကံဆိုးစွာဘဲ ကျွန်တော်တို့ ငါးမှတ် ဆုံးရှုံးထားရပါတယ်”ဟု ပြောကြားသွားခဲ့သည်။

မန်စီးတီးသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် အီတီဟတ်ကွင်းတွင် အာဆင်နယ်ကို ဧည့်ခံကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment