မန်ချက်စတာယူနိုက်တက် ပြန်လာမည်ဟု ရပ်ရှ်ဖို့ဒ် ကြုံးဝါး

မားကပ်စ်ရပ်ရှ်ဖို့ဒ်က အိုးထရက်ဖို့ဒ်၌ အာဆင်နယ်ကို ရှုံးနိမ့်ရမှုအတွက် အသည်းကွဲနေရကြောင်းနှင့် မန်ချက်စတာယူနိုက်တက် ပြန်လာမည် ဖြစ်ကြောင်း ပြိုင်ဘက်များကို သတိပေး ပြောကြားလိုက်သည်။

ဆိုးလ်ရှားဦးဆောင်သည့် မန်ချက်စတာယူနိုက်တက်သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့တုန်းက အိုးထရက်ဖို့ဒ်တွင် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် ၁၄ နှစ်အတွင်း ပထမဆုံအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်၌ ယူနိုက်တက်ကို အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ယူနိုက်တက်သည် ယခုရာသီတွင် အနိမ့်အမြင့် အတက်အကျများနှင့် ကြုံနေရသည်။ ၎င်းတို့သည် စပါးစ်ကို ၆-၁ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ပြီးနောက် နယူးကာဆယ်၊ ပီအက်စ်ဂျီ၊ လိုက်ဇစ်တို့အား ဆက်တိုက် အနို်ငရရှိခဲ့သော်လည်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည်။

ယူနိုက်တက်သည် နောက်ဆုံးကစားခဲ့သည့် ချဲလ်ဆီး၊ အာဆင်နယ်တို့နှင့် ပရီးမီးယားလိဂ် အိမ်ကွင်းနှစ်ပွဲတွင် ကန်ချက် ဂိုးပေါက်တည့်မှု ၆ ကြိမ်တည်းသာ ရှိထားကာ အိမ်ကွင်း ၃ ပွဲ ရှုံးနိမ့်ထားပြီး ဖြစ်သည်။

ရပ်ရှ်ဖို့ဒ်က “ကျွန်တော် စီစဉ်ထားသလို မဖြစ်လာခဲ့ပါဘူး။ အသည်းကွဲရပါတယ်။ ကျွန်တော်တို့အနေနဲ့ အခြေခံသို့ ပြန်ဆင်းပြီး အနိုင်ရရေး နည်းလမ်းရှာဖွေရမယ့် ကာလသို့ ရောက်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပွဲကြီးတွေ အများကြီး ကစားခဲ့ရတယ်။ အမှတ်ရဖို့လိုတဲ့ ပွဲတွေပါ။ အနိမ့်အမြင့် အတက်အကျတွေ ရှိခဲ့တယ်။ ဒါပေမယ့် တစ်ခါတစ်လေ ဒီလိုမျိုး ကြုံရတတ်ပါတယ်။ အခု ကျွန်တော်တို့အနေနဲ့ အားလုံး စုစုစည်းစည်းနဲ့ ပွဲတွေ အနိုင်ယူရေး နည်းလမ်း ရှာရပါမယ်။ ကျွန်တော်တို့ အကောင်းဆုံးမလုပ်နိုင်တဲ့အခါ အကောင်းဆုံးပြန်နိုးထလာခဲ့တာချည်းပါပဲ။ အခုလည်း နောက်ထပ်တစ်ကြိမ်ကြုံရပြန်ပါပြီ။ ကျွန်တော်တို့အတူလက်တွဲပြီး အခြေခံကအစ ပြန်လုပ်ပြီး ပွဲ‌တွေ အနိုင်ရအောင် လုပ်ကြရပါမယ်”ဟု ပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်အပတ် ကြားရက်တုန်းက လိုက်ဇစ်အား ၅-၀ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲတွင် လူစားဝင်ရောက်လာပြီး နောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment