မန်ချက်စတာယူနိုက်တက်၏ ရာသီ စတင်ပြီဟု ဆိုးလ်ရှား ပြောကြား

နယူးကာဆယ်ကို နောက်ကျဂိုးများဖြင့် အနိုင်ရရှိပြီးနောက် အိုလီဂန်းနားဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်၏ ရာသီ စတင်ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ ယူနိုက်တက်သည် လုပ်ခ်ရှော၏ OG ကြောင့် နယူးကာဆယ်၏ ဦးဆောင်ခြင်းခံခဲ့ရသော်လည်း ဝေဖန်မှုများ ကြုံနေရသည့် မက်ဂွိုင်းယားက ပြန်လည်ချေပခဲ့သည်။ ယူနိုက်တက်အတွက် အနိုင်ဂိုးများကို ဘရူနိုဖာနန်ဒက်စ်၊ အေဘရွန်ဝင်ဘီဆာကာနှင့် မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့က သွင်းယူခဲ့ကြကာ ၄-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

ယူနိုက်တက်သည် ပရီးမီးယားလိဂ်အဖွင့်ပွဲသုံးပွဲတွင် အိုးထရက်ဖို့ဒ်၌ စပါးစ်ကို ၆-၁ ဖြင့် ရှုံးနိမ့်မှုအပါအဝင် နှစ်ပွဲ ရှုံးနိမ့်ထားသည်။

ဆိုးလ်ရှားက “ကျွန်တော်တို့အတွက် ရာသီက ဒီနေ့မှ စတင်တာပါ”ဟု ပြောကြားခဲ့သည်။

ယူနိုက်တက်အတွက် အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့သည့် အသင်းခေါင်းဆောင်မက်ဂွိုင်းယားသည် နွေရာသီတုန်းက ဂရိတွင် အဖမ်းခံခဲ့ရမှု၊ ဒိန်းမတ်အား ၃-၁ ဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အနီကတ်ပြ ထုတ်ပယ်ခြင်းခံရမှုတို့ကြောင့် ဖိအားများနှင့် ကြုံနေခဲ့ရသည်။ ထို့ကြောင့် ဆိုးလ်ရှားအနေဖြင့် မက်ဂွိုင်းယားကို ဖိအားလျှော့ကျသွားစေရန် နယူးကာဆယ်နှင့်ပွဲတွင် အနားပေးသင့်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ သို့ရာတွင် မက်ဂွိုင်းယားသည် နယူးကာဆယ်နှင့်ပွဲတွင် ပွဲထွက်လူစာရင်းတွင် ပါဝင်ခဲ့ပြီး ချေပဂိုး သွင်းခဲ့သည့်အပြင် ယူနိုက်တက်ခံစစ်ကို အကောင်းဆုံးဦးဆောင်သွားနိုင်ခဲ့သည်။

ဆိုးလ်ရှားက “သူ ဂိုးသွင်းခဲ့တယ်။စံနမူနာယူရလောက်အောင် ဦးဆောင်ပြခဲ့တယ်။ သူဟာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာကို ပြသခဲ့ပါတယ်။ သူ့အတွက် ပျော်ပါတယ်။ သူဟာ ကျွန်တော်တို့အတွက် နောက်ဆုံးပွဲ ကစားပြီးတဲ့နောက် ခက်ခဲတဲ့ ရက်သတ္တ ပတ်တွေနဲ့ ကြုံခဲ့ရတယ်။ သူဟာ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့တယ်။ လှုံဆော်မှု အများကြီးပေးနိုင်တဲ့ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။

ယူနိုက်တက်၏ဘရူနိုဖာနန်ဒက်စ်သည် နယူးကာဆယ်နှင့်ပွဲတွင် ပင်နယ်တီ ရရှိခဲ့သော်လည်း နယူးကာဆယ်ဂိုးသမားကားလ်ဒါလောက ကာကွယ်သွားနိုင်ခဲ့သည်။ ပေါ်တူဂီကွင်းလယ်ကစားသမားသည် ယူနိုက်တက် ကစားသမားဘဝအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီ လွဲချော်ခဲ့ခြင်းလည်း ဖြစ်သည်။

ဖာနန်ဒက်စ်က “ပရီးမီးယားလိဂ်မှာ ကျွန်တော့်ရဲ့ပင်နယ်တီကို ပထမဆုံး ကာကွယ်နိုင်ခဲ့တဲ့သူ့ကို (ဒါလော)ကို ဂုဏ်ပြုပါတယ်။ ၁၁ ကြိမ်ကန်ခဲ့ရာမှာ ၁ ကြိမ် လွဲသွားပါပြီ။ လူတွေအနေနဲ့ ကျွန်တော်လည်း ပင်နယ်တီ လွဲနိုင်တယ်ဆိုတာကို ပြောလို့ ရပါပြီ”ဟု ပြောကြားခဲ့သည်။

ဖာနန်ဒက်စ်သည် ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၈ ပွဲ ကစားထားရာတွင် ဂိုး ၂၀ ၌ တိုက်ရိုက်ပါဝင်နေသည်။ သူသည် ၁၁ ဂိုးသွင်းကာ ၉ ကြိမ်ဖန်တီးပေးထားသည်။ ထို့အပြင် သူသည် ယူနိုက်တက်၏နောက်ဆုံးသုံးပွဲဆက်တိုက်ဂိုးသွင်းယူထားသည်။

Facebook Comments Box
Facebook Comment