မန်ချက်စတာယူနိုက်တက်ပွဲတွင် နေမာ ပါဝင်ရန် အသင့်ဖြစ်နေမည်ဟု တူချယ် အတည်ပြု

သောမတ်စ်တူချယ်က နေမာသည် လာမည့် ကြားရက်အတွင်း၌ မန်ချက်စတာယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမည့် ချန်ပီယံလိဂ် အဖွင့်ပွဲတွင် ပါဝင်ရန် အသင့်ဖြစ်နေမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ နေမာသည် သောကြာညတုန်းက နီမက်စ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် အနားပေးခြင်း ခံခဲ့ရသူ ဖြစ်သည်။

နေမာသည် နီမက်စ်အား အနိုင်ရရှိသည့်ပွဲမတိုင် သုံးရက်အလိုတုန်းက ပီရူးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်ကစားခဲ့ရကာ ဘရာဇီးအတွက် ဟက်ထရစ် သွင်းယူခဲ့သည်။ သူသည် ယင်းဟက်ထရစ်ကြောင့် ဘရာဇီးအတွက် သွင်းဂိုး ၆၄ ဂိုးဖြင့် ဘရာဇီးသမိုင်းတွင် ဒုတိယဂိုးအများဆုံး သွင်းယူသူ ဖြစ်လာခဲ့သည်။

ပီအက်စ်ဂျီနည်းပြတူချယ်သည် နေမာကို နီမက်စ်နှင့်ပွဲတွင် အနားပေးခဲ့ခြင်းဖြစ်ပြီး အင်္ဂါနေ့ညတွင် ပဲရစ်၌ မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံကစားရမည့်ပွဲတွင် ပါဝင်လာမည်ဟု အတည်ပြု သွားသည်။

တူချယ်က “နေမာမှာ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ ကိုင်လီယန်နဲ့လည်း ဆွေးနွေးခဲ့တယ်။ ပွင့်ပွင့်လင်းလင်းဘဲ ဆွေးနွေးခဲ့ကြတယ်။ ပြီးတော့မှ သူ့ကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူဟာ အသင်းနဲ့ ပြန်လည်လေ့ကျင့်ခန်းဆင်းပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲအတွက် အဆင်သင့် ဖြစ်နေပါလိမ့်မယ်။ အဲဒီပွဲမှာ သူပါဝင်လာမှာ သေချာနေပါတယ်”ဟု ပြောကြားသွားသည်။

နေမာသည် ယခုရာသီတွင် ပီအက်စ်ဂျီ၏ပြင်သစ်လီဂူး-၁ ၇ ပွဲတွင် ၄ ပွဲ လွဲချော်ထားသူဖြစ်သည်။ ပီအက်စ်ဂျီသည် နေမာ မပါဝင်သည့် ပွဲများတွင် တစ်ပွဲပျမ်းမျှ ၂ ဂိုးတည်းသာ သွင်းထားနိုင်ပြီး နေမာပါဝင်သည့် ပွဲများတွင် ၂.၇ ဂိုးအထိ သွင်းထားနိုင်သည်။

ပြီးခဲ့သည့် ရာသီတုန်းက ပီအက်စ်ဂျီသည် လီဂူး-၁ ပွဲတွင် နေမာပါဝင်သည့် ပွဲများ၏ ၈၆.၇ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့ပြီး နေမာမပါဝင်သည့် ၁၂ ပွဲတွင် ၇၅ ရာခိုင်နှုန်းသာ အနိုင်ရရှိထားသည်။ သို့ရာတွင် ပီအက်စ်ဂျီသည် ယမန်နှစ် ရာသီတုန်းက နေမာပါဝင်သည့်ပွဲများတွင် တစ်ပွဲပျမ်းမျှ ၂.၇ ဂိုးနှုန်းသာ သွင်းနိုင်ခဲ့သော်လည်း မပါဝင်သည့် ပွဲများတွင် တစ်ပွဲပျမ်းမျှ ၂.၉ ဂိုးအထိ ရရှိခဲ့သည်။

Facebook Comments Box
Facebook Comment