မန်ချက်စတာယူနိုက်တက်နည်းပြအနာဂတ် သတင်းများကို ဆိုးလ်ရှား တုံ့ပြန်လာ

အိုလီဂန်နားဆိုးလ်ရှားသည် လေးရက်အတွင်း ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ရပြီးနောက် သူ့ရာထူးနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလသတင်းများကို တုံ့ပြန်လာသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့တုန်းက အိုးထရက်ဖို့ဒ်၌ အာဆင်ယ်ကို ရှုံးနိမ့်ခဲ့သည့် မန်ချက်စတာယူ နိုက်တက်သည် အစ္စတန်ဘူလ်ဘာဆာဆီဟာကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီး ယခုရာသီ ပထမဆုံး ချန်ပီယံလိဂ်ရှုံးပွဲနှင့်ကြုံခဲ့ရသည်။

အာဆင်နယ်ကို ရှုံးနိမ့်သည့်ပွဲအပြီးတွင် ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ယူနိုက်တက်ကစားသမားများ၏ ဆိုးရွားသည့် ခြေစွမ်းကြောင့် ဆိုးလ်ရှားမှာ မကြာမီ ရာထူးမှ အထုတ်ခံရလိမ့်မည်ဟု ပြောကြားခဲ့ဖူးသည်။ ယူနိုက်တက်သည် ဘာဆာဆီဟာ ရှုံးပွဲကြောင့် ယခုရာသီ ဥရောပနှင့် ပရီးမီးယားလိဂ်ပွဲ ၉ ပွဲကစားထားရာတွင် ၄ ပွဲ ရှုံးနိမ့်ထားပြီ ဖြစ်သည်။

ဆိုးလ်ရှားက “ဒီလို မေးခွန်းမျိုးကို ပြန်ဖြေလေ့ မရှိပါဘူး။ အမြဲတမ်း လူတိုင်း ကိုယ်အမြင်နဲ့ ကိုယ် ရှိပါတယ်။ ဒါပေမယ့် သန်မာနေဖို့ ရှိပါတယ်။ ကျွန်တော့်ကို ကလပ်က အလုပ်တစ်ခု လုပ်ဖို့ ခန့်ထားပါတယ်။ ကျွန်တော့်အလုပ်ကို အကောင်းဆုံး လုပ်နေပါတယ်”ဟု ပြောကြားသွားသည်။

ယူနိုက်တက်က ၂-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ပထမပိုင်းတွင် နောက်တန်းအမှားများကြောင့် ၂ ဂိုးပေးရခြင်းဖြစ်သည်။

ယူနိုက်တက်သည် လာမည့် စနေနေ့တွင် အဲဗာတန်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment