
မတော်တဆ အောင်မြင်မှုမဟုတ်
“အောင်မြင်မှုဆိုတာ
ခလုတ်တိုက်ပြီး
ရလာတာ မဟုတ်ဘူး”
ကွယ်လွန်သူ ဘောလုံးဘုရင်
ပီလီပြောဖူးတဲ့ စကားပါ။
အောင်မြင်ခြင်းရဲ့
အဓိပ္ပာယ်ကို
လှစ်ဟပြခဲ့တာလည်း
ဖြစ်ပါတယ်။
မှန်ပါတယ်။
နယ်ပယ်တိုင်းမှာ
အောင်မြင်မှုအသီးအပွင့်တွေ
စားသုံးနေသူတွေ
အများကြီးရှိပါတယ်။
သူတို့တွေဟာ
ဒီလိုအနေအထားမျိုး
ဖြစ်လာဖို့အတွက်
နှစ်ပေါင်းများစွာ
ကြိုးစားခဲ့ရတာပါ။
ဝါသနာကို အရင်းခံပြီး
အပတ်တကုပ်ဖြည့်ဆည်း၊
ဇွဲလုံ့လ ဝီရိယကို
အရင်းတည်ကာ
ကြိုးစားအားထုတ်မှုနဲ့
ပေါင်းစပ်လိုက်တဲ့အခါ
အောင်မြင်မှုကို
တည်ဆောက်နိုင်ခဲ့ကြတာ
ဖြစ်ပါတယ်။ စိုင်ကော်လို့
ပလ္လင်ပေါ် ရောက်နေသူတွေ
မရှိပါဘူး။ ရှိခဲ့ရင်လည်း
အောင်မြင်မှုဆိုတာ
ရေပွက်ပမာ ဖြစ်ပါလိမ့်မယ်။
မက်ဆီနဲ့ ရော်နယ်ဒိုဆိုတာ
အောင်မြင်မှု အသီးအပွင့်တွေကို
စားသုံးနေတာ ဆယ်စုနှစ်
၂ ခုနီးပါး ရှိနေပါပြီ။
အခုထိ သူတို့ရဲ့ စန်းက
မကျသေးပါဘူး။
ကမ္ဘာတဝှမ်းမှာ သူတို့ကို
ချစ်ခင်အားပေးတဲ့
ပရိသတ်က သန်းရာချီ
ရှိနေတာပါ။
ရှင်သန်ထွန်းလင်းဆဲ
GAOT ကြီးနှစ်ယောက်ရဲ့
အသက်က ၄၀ နား
ကပ်နေပြီ။ ဒါကြောင့်
မကြာခင် အောင်မြင်မှု
ဝတ်ရုံလွှာကို ခွာချရတော့မယ်လို့
ဆိုနေသူတွေလည်း ရှိနေရဲ့။
ဒါပေမဲ့ ဝေဖန်ချင်သူတွေ
မေ့နေကြတာက မက်ဆီနဲ့
ရော်နယ်ဒိုတို့ဟာ
အောင်မြင်မှုကို လွယ်လွယ်နဲ့
ဆုံးရှုံးခံမယ့်သူတွေ
မဟုတ်ဘူးဆိုတာပါပဲ။
ဇရာကြောင့် မကြာခင်
မြက်ခင်းစိမ်းတွေကို
ကျောခိုင်းသွားရမှာကတော့
အမှန်တရားပဲ။
ဘောလုံးလောကကို
စွန့်ခွာသွားရင်တောင် သူတို့က
အောင်မြင်မှုကို ထွေးပိုက်ပြီး
ထွက်သွားကြမှာ။
ဒီတပတ်ကိုပဲကြည့်။
ရော်နယ်ဒိုက
အယ်နာဆာအတွက်
၁ ဂိုးသွင်းပြီး ၂ ဂို
ဖန်တီးပေးနိုင်ခဲ့တယ်။
မက်ဆီကလည်း
အကျောမခံပါဘူး။
အယ်လ်အေအက်ဖ်စီနဲ့ပွဲမှာ
ကိုယ်တိုင် ဂိုးမသွင်းနိုင်ပေမယ့်
အယ်ဘာနဲ့ ကမ်ပါနာတို့ရဲ့
သွင်းဂိုးတွေကို
ဖန်တီးပေးခဲ့တယ်။
အခုဆိုရင် ရော်နယ်ဒိုက
ပရိုဘဝမှာ ကလပ်နဲ့
နိုင်ငံအတွက် ၈၅၀ ဂိုးအထိ
သွင်းထားတယ်။ ဒါက
ဘောလုံးသမိုင်းမှာ
ဂိုးအများဆုံး သွင်းထားသူဆိုတဲ့
စံချိန်ပဲ။ မက်ဆီကလည်း
ဘောလုံးကမ္ဘာမှာ ဂိုးဖန်တီးမှု
၃၆၁ ကြိမ်ပြုလုပ်ထားနိုင်တဲ့
ပထမဆုံး ကစားသမား
ဖြစ်လာတယ်။
ဖရန့်ပွတ်ရှ်ကပ်စ်ကို
၂ ကြိမ်၊ ယိုဟန်ခရိုက်ဖ်ကို
၃ ကြိမ်အသာနဲ့ စံချိန်သစ်
တင်နိုင်ခဲ့တာပါ။ သူတို့က
အနားယူဖို့ မစဉ်းစားသေးတာကြောင့်
နောက်ထပ်သွင်းဂိုးတွေ၊
ဂိုးဖန်တီးမှုတွေကို
ထပ်မြင်တွေ့ရဦးမယ်။
ဒီလိုဖြစ်လာဖို့အတွက်
ကလေးဘဝကတည်းက
ဘောလုံးအပေါ် စိတ်နှစ်ပြီး
ကြိုးစားအားထုတ်ခဲ့ရတာ။
ပီလီရဲ့ စကားက
သွေးထွက်အောင် မှန်တယ်။