မည်သည့်အင်္ဂလန်ကစားသမားကိုမှ အခြေအနေဆိုးအောင် မလုပ်ဟု ဆောက်ဂိတ်ပြောကြား

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်က အင်္ဂလန်အသင်းမှာ မည်သည့် ကစားသမားကိုမှ ခက်ခဲအောင် မလုပ်ဆောင်ကြောင်းနှင့် အသင်းခေါင်းဆောင် ဟယ်ရီကိန်းမှာလည်း ဒဏ်ရာရရှိထားခြင်း မရှိကြောင်း ပြောကြားလာသည်။

စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တုန်းက ဘယ်လ်ဂျီယံအား ၂-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပွဲချိန် ၆၆ မိနစ်၌ လူစားဝင်ရောက် ကစားခဲ့သည်။

စပါးစ်နည်းပြမော်ရင်ဟိုသည် စပါးစ်ကစားသမားတို့မှာ ပွဲဆက်များစွာ ကစားထားရမှု ကြောင့် နိုင်ငံပွဲစဉ်များအားလုံးတွင် မသုံးမပြုရန် လက်ရွေးစင်အသင်းနည်းပြများကို တောင်းဆိုထားသည်။ ဆောက်ဂိတ်သည် ယနေ့ညတွင် ဒိန်းမတ်နှင့် ကစားရမည့် ပွဲစဉ်တွင် အသင်းခေါင်းဆောင်ကိန်းကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုရန် စီစဉ်နေသည်။

စပါးစ်သည် ယခုရာသီတွင် ယူရိုပါလိဂ်ခြေစစ်ပွဲကစားထားရမှုနှင့်အတူ ၂၀၂၀-၂၁ ရာသီအား ပထမဆုံး စတင်ခဲ့ရသည့် အင်္ဂလန်အသင်း ဖြစ်သည်။ ဟယ်ရီကိန်းသည် ပြီးခဲ့သည့် ၂၉ ရက်အတွင်းတွင် ကလပ်နှင့်နိုင်ငံအတွက် ၁၀ ပွဲအထိ ကစားထားရသည်။

အသက် ၂၇ နှစ်ရှိ ကိန်းသည် အင်္ဂလန်အသင်းသို့ ရောက်ရှိစဉ်အတွင်း ကြွက်သား နာကျင်မှု ဖြစ်ခဲ့သော်လည်း ဒဏ်ရာရရှိခြင်း မဟုတ်ဘဲ ပွဲပန်းမှုကြောင့် နာကျင်ဖြစ်သာ ဖြစ်ကြောင်း တွေ့ရှိရသည်။ ဆောက်ဂိတ်က ဟယ်ရီကိန်းမှာ ပြီးခဲ့သည့်အပတ်ကတည်းက ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆောက်ဂိတ်က “ဒီသတင်းတွေနဲ့ပတ်သက်ပြီး (ကိန်းရဲ့ကြံ့ခိုင်မှု) နားမလည်နိုင်အောင် ဖြစ်ရတယ်။ သူက နောက်ဆုံးပွဲ(ဘယ်လ်ဂျီယံ)မှာ ပွဲထွက်ကစားလို့တောင် ရပါတယ်။ ဒါ့ပေမယ့် သူက လေ့ကျင့်ခန်းအပြည့်အဝ မလုပ်နိုင်ခဲ့ပါဘူး။ ပွဲအတွင်းမှာလည်း သူ အကောင်းဆုံးလုပ်ခဲ့တယ်။ ဒီတော့ သူ့အခြေအနေ ကောင်းမွန်နေသလို ကစားဖို့လည်း အဆင်သင့် ဖြစ်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ကြံ့ခိုင်မှုပြည့်ဝနေခဲ့တာပါ။ သူ့မှာ ဒဏ်ရာမရရှိထားပါဘူး။ အားကစားသမားတိုင်း ဖြစ်တတ်တဲ့ ကြွက်သားနာကျင်မှုဖြစ်တာပါ။ ဒဏ်ရာမဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

ဟယ်ရီကိန်းသည် အင်္ဂလန်အသင်းအတွက် ၄၈ ပွဲကစားကာ ၃၂ ဂိုးသွင်းယူထားသူ ဖြစ်သည်။ သို့ရာတွင် သူသည် ၂၀၂၀ ခုနှစ်အတွင်းတွင် အင်္ဂလန်အတွက် တစ်ဂိုးမျှ သွင်းယူထားနိုင်ခြင်း မရှိချေ။

ဆက်လက်၍ ဆောက်ဂိတ်က “ကစားသမားတွေ ဒုက္ခရောက်အောင် ကျွန်တော်တို့ မလုပ်ပါဘူး။ ကျွန်တော်လည်း ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ကစားသမားတွေကို ကာကွယ်ဖို့က ကျွန်တော့်အဓိကတာဝန်ပါ။ ဘယ်ကစားသမား ကိုမှ အခြေအနေဆိုးအောင် မလုပ်ပါဘူး။ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခိုင်းလို့ ဘယ်ကစားသမားမှ ဒဏ်ရာမရဖူးပါဘူး။ ကစားသမားတွေကို အထူးဂရုစိုက်မှုအ တွက် ကျွန်တော်တို့ကိုယ့်ကိုယ်ကို ဂုဏ်ယူနေကြသူတွေပါ။ သူတို့ကို ကြံ့ခိုင်စေချင်တယ်။ ပွဲတွေအတွက် အကောင်းဆုံးပုံစံမှာ ရှိစေချင်ပါတယ်။ အခုဆိုရင် သူဟာ ရက်အနည်းငယ် လေ့ကျင့်ခန်းဆက်ဆင်းထားပြီး ဖြစ်လို့ ဘာပြဿနာမှ မရှိတော့ပါဘူး”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment