မက်ဒရစ်ဘူတာကို ဆိုက်ရောက်လာနိုင်မလား ရထားအို

ယနေ့ ထိပ်တန်းရောက်နေတဲ့
လူပုဂ္ဂိုလ်တွေဟာ ဒီနေရာကို
အလွယ်တကူ ရောက်လာတာ
မဟုတ်ပါဘူး။ မိဘက
ဘီလျံနာကြီးဖြစ်လို့
မိဘပိုင် ကော်ပိုရေးရှင်းကြီးမှာ
စီအီးအိုတို့၊ ဘာတို့
ဖြစ်နေတယ်ဆိုတာကိုတော့
မပြောလိုပါဘူး။ ဒါပေမဲ့
သူတို့မှာလည်း ယူထားတဲ့
ရာထူးနဲ့လိုက်ဖက်ညီတဲ့
လုပ်ငန်းကျွမ်းကျင်မှု၊
ခေါင်းဆောင်မှုစွမ်းရည်တော့
ရှိမှာပေါ့။

အဲဒီအရည်အချင်းတွေ မရှိဘဲ
စိုင်ကော်လို့ ခြုံပေါ်ရောက်လာတဲ့
သူတွေဟာ ရေရှည်အောင်မြင်ဖို့
မလွယ်ကူပါဘူး။ ပြိုင်ဆိုင်မှု
ပြင်းထန်တဲ့ ၂၁ ရာစုမှာ
ကိုယ်က အချိန်ပြည့်နီးပါး
ကြိုးစားနေမှသာ မော်ဒန်
ရေစီကြောင်းထဲ အလိုက်သင့်
မျောပါနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့
အရှိန်အဟုန်နဲ့ မျောနေတဲ့
ရေစီးကြောင်းထဲကနေ ဖယ်ခွာပြီး
ကမ်းဘေးရောက်သွားတဲ့
အမှိုက်စတခု၊ ဒိုက်ပုံတခုလို
ဖြစ်သွားမှာပေါ့။

အောင်မြင်နေတဲ့သူ၊ လူသိများ
ထင်ရှားသူတွေဆိုရင်လည်း
ဘဝတကွေ့မှာ ကိုယ့်ကို
မယုံကြည်သူ၊ အခွင့်အရေး
မပေးသူတွေနဲ့ ကြုံခဲ့ဖူးမှာပါ။
အဲဒါ သေချာပါတယ်။
ဒါက လူတိုင်း ကြုံဖူးကြတဲ့
မထူးဆန်းသော ဖြစ်စဉ်ပါပဲ။
ဒီအခါမှာ ကိုယ့်ရဲ့အရည်အချင်း
အစစ်အမှန်ကို ထုတ်ဖော်ခွင့်ရမယ့်
နေရာသစ်ဆီ ရွှေ့ရတာပေါ့။

ရဲမှ မင်းဖြစ်ဆိုသလိုပဲ။
ဒီလိုနဲ့ပဲ တိမ်မြုပ်နေတဲ့ ကိုယ့်ရဲ့
အရည်အသွေးက ထွက်ပေါ်လာပြီး
ထိုက်သင့်တဲ့ နေရာတခုကို
မြဲမြံစွာ ဆုပ်ကိုင်နိုင်မှာပါ။
စပိန်တိုက်စစ်မှူး ဟိုဆေးလူရဲ့
ဘဝကလည်း ဒီလိုပဲ။ ကျွန်တော်တို့
သူ့ကို တိုက်စစ်မှူးကောင်းတယောက်အဖြစ်
သတ်မှတ်ထားကြတယ်။

စကေးက အရမ်းကြီးကောင်းတာတော့
မဟုတ်ပါဘူး။ ဒါပေမဲ့ ၃၃ နှစ်အရွယ်
အက်စပန်ညိုကစားသမားရဲ့
အားသာချက်က ဂိုးသွင်းသေချာတာပဲ။
ခေါင်းတိုက်မလား။ ဂိုးပေါက်နဲ့ပိုက်
မိတ်ဆက်သွားမယ်။

ဘယ်ခြေ၊ ညာခြေမရွေးဘဲ
ပိတ်သိမ်းနိုင်တယ်၊ ကန်သွင်းနိုင်တယ်။
၁၉ နှစ်အရွယ်မှာ ရီးရဲလ်အရန်
အသင်းဆီရောက်ပြီး အသင်းကြီးအတွက်
စုစုပေါင်း ၂ ပွဲသာ ကစားခွင့်ရခဲ့တဲ့
ဟိုဆေးလူဟာ မက်ဒရစ်မှာ
အစွမ်းပြခွင့် မရခဲ့ပါဘူး။
၂ ပွဲသာကစားခွင့်ရပေမယ့်
သူက ၂ ဂိုးသွင်းပေးခဲ့တယ်။

ကစားခွင့်နည်းပေမယ့်လည်း
ပွဲအရေအတွက်နဲ့ဆို ရာနှုန်းပြည့်
ဂိုးသွင်းထားနိုင်တာ နည်းတဲ့
မှတ်တမ်းလား။ ဒါပေမဲ့
မော်ရင်ညိုက နေရာမပေးခဲ့လို့
၂၀ ကျော်အရွယ်နဲ့ နေရာစုံ
ရွက်လွှင့်ခဲ့ရတယ်။ အစွမ်းပြခွင့်
ပေးနိုင်မယ့် နေရာသစ်
တခုစီကိုပေါ့။

ဟော့ဖန်ဟိမ်း၊ ဖရန့်ဖတ်၊
ဟန်နိုဗာ၊ စတုတ်၊
ဒီပို့တီဗို၊ နယူးကာဆယ်၊
အလာဗက်စ် စုံလို့ပဲ။
ယမန်နှစ် ၂၀၂၂/၂၃ ရာသီမှာတော့
အက်စပန်ညိုကိုရောက်လာတယ်။
လာလီဂါ ၃၃ ပွဲမှာ ၁၆ ဂိုးသွင်းတယ်။

ရွှေဖိနပ်ဆုရတဲ့ လီဝမ်ဒေါစကီး၊
ဘန်ဇီးမားတို့ပြီးရင် တတိယ
ဂိုးသွင်းအများဆုံးနေရာမှာ
ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမဲ့
ဘာစီလိုနာရဲ့ ခါးသီးမြို့ခံပြိုင်ဘက်
အက်စပန်ညိုက အဆင့် ၁၉ နဲ့
တန်းဆင်းသွားခဲ့ရတယ်။
ဟိုဆေးလူဟာ အသင်းဟောင်း
ရီးရဲလ်နဲ့တွေ့တဲ့ နှစ်ကျော့စလုံး
ဂိုးသွင်းနိုင်ခဲ့တယ်။

ရာသီအပြီးမှာပဲ ရီးရဲလ်က
သူ့ကိုပြန်ခေါ်ဖို့ ကြိုးစားနေတယ်
ဆိုတဲ့သတင်းတွေ ထွက်လာတယ်။
ရောက်ဖို့လည်း သေချာသလောက်
ရှိနေတယ်။ ဘန်ဇီးမားနေရာ
အစားထိုးဖို့အတွက်တဲ့။

မက်ဒရစ်ရောက်လာရင်
ပုံမှန်ပွဲထွက်ခွင့်ရဖို့
မသေချာပါဘူး။ ဒါပေမဲ့
အရွယ်တော်တဆိတ်ဟိုင်းမှ
ဇာတာစန်းလာဘ်တက်လာတဲ့
ဟိုဆေးလူဟာ အီတလီကို
အနိုင်ရတဲ့ နေးရှင်းလိဂ်
ဆီမီးပွဲမှာလည်း နောက်ကျ
အနိုင်ဂိုးသွင်းခဲ့တယ်။

၈၄ မိနစ်ကျမှ
လူစားဝင်ကစားခွင့်ရပေမယ့်
၄ မိနစ်အကြာမှာပဲ
ဖိုင်နယ်တက်စေမယ့်ဂိုးကို
ရပ်ကွက်အခေါ် ဘောကြောနပ်နပ်
သွင်းခဲ့တာ။ ဒီဂိုးက သူ့ရဲ့
စပိန်လက်ရွေးစင်ဘဝ
၃ ပွဲကစားအပြီး ၃ ဂိုးမြောက်
သွင်းနိုင်ခဲ့တဲ့ ဂိုး။

အကောင်းဆုံးအချိန်ကာလကို
ကျော်လွန်လာပြီဖြစ်တဲ့
ဟိုဆေးလူကတော့ သူ့ကို
မယုံကြည်ခဲ့တဲ့ ဘာနေဗျူးကို
နောက်ထပ်တကြိမ် ခြေချနိုင်မလား။
ဇွဲနပဲနဲ့ ကြိုးစားသူတယောက်အတွက်
ထိုက်တန်တဲ့ နေရာတခုတော့
ရှိနေမှာ သေချာပါတယ်။

Facebook Comments Box
Facebook Comment