မက်ဒရစ်က တိတ်တဆိတ် ဂိုးသွင်းမုဆိုး

ယခုရာသီ ရီးရဲလ်အကြောင်း
ပြောကြစတမ်းဆိုရင်
ဂျုဒ်ဘယ်လင်ဂမ်က
မပါမဖြစ်ပဲ။
အင်္ဂလန်ကွင်းလယ်
ကစားသမားလေးက
စပိန်ကို ဒီနှစ်မှ
စရောက်တယ်။ ဒါပေမဲ့
အစွယ်လေးနဲ့ဆိုတော့
လျှော့တွက်မိသူတွေ ခံပေါ့။

သူ့ကြောင့် မက်ဒရစ်ကလပ်က
လာလီဂါဦးဆောင်သူ
နေရာကို ပြန်လည်ရယူနိုင်တာ
မငြင်းနိုင်ပါဘူး။
အသင်းအဖွဲ့နဲ့ စုပေါင်း
လုပ်ဆောင်ရတဲ့ ဘောလုံးမှာ
အောင်မြင်မှု ရယူတဲ့အခါ
တဦးတယောက်ကြောင့်လို့
ပြောတဲ့အခါ မမျှတပါဘူး။
သူ့ကို ပံ့ပိုးပေးသူတွေကိုလည်း
ပစ်ပယ်လို့မရတာ
အမှန်ပါပဲ။

အနှီသော ကူညီပံ့ပိုးသူတွေဟာ
ကန့်လန့်ကာနောက်ကွယ်က
ပေးဆပ်သူတွေလို့
ဆိုနိုင်ပါတယ်။ ရီးရဲလ်ရဲ့
ယခုရာသီ တောက်ကြွားမှုမှာ
ပစ်ပယ်ထားလို့မရတဲ့
အခြားတယောက်ကတော့
ဟိုဆေးလူမာတိုပဲ
ဖြစ်ပါတယ်။ အများက
ဟိုဆေးလူလို့ သိကြသူပေါ့။

၂၀၁၀ အစောပိုင်းကာလမှာ
ရီးရဲလ်အတွက် လာလီဂါ ၁ ပွဲ၊
စပိန်ဘုရင့်ဖလား ၁ ပွဲ
ကစားဖူးတဲ့ စပိန်သားက
ပေါ့သေးသေးတော့ မဟုတ်ပါဘူး။
၂ ပွဲပဲ ကစားခွင့်ရပေမယ့်
၂ ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ
မက်ဒရစ်ဘုရင်တွေဖြစ်တဲ့
ရော်နယ်ဒို၊ ဘန်ဇီမာတို့ကြောင့်
နေရာမရခဲ့ပါဘူး။

မော်ရင်ညိုကလည်း
ထိပ်တန်းကစားသမားတွေကိုပဲ
နေရာပေးတာကြောင့်
၂၂ နှစ်သားလေးက မက်ဒရစ်ကို
စွန်ခွာခဲ့ရတယ်။ ရေကြည်ရာ
မြက်နုရာရှာဖွေရင်း
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ
အက်စပန်ညိုနဲ့အတူ
တောက်ကြွားနိုင်ခဲ့တယ်။
လာလီဂါ ၃၃ ပွဲမှာ
၁၆ ဂိုးသွင်းပြီး ရီးရဲလ်ရဲ့
အထင်ကြီးမှုကို
ပြန်လည်ရယူနိုင်ခဲ့တယ်။

ဘန်ဇီးမားကလည်း
ဆော်ဒီကိုထွက်သွားတော့
အန်ဆလော့တီက
သူ့ကို တရာသီအဌားနဲ့
ခေါ်လိုက်တယ်။
ပြင်သစ်သားရဲ့နေရာအတွက်
ဆိုပေမယ့်လည်း သူ့ကို
သိပ်ပြီးတော့ ယုံကြည်တဲ့ပုံ
မပေါ်ပါဘူး။ ဗီနီရှက်စ်လည်း
ရှိနေတော့ ပွဲထွက်လူစာရင်းက
ဘယ်ပါခွင့်ရမလဲ။

ပွဲစဉ် ၁ ဘီလ်ဘာအိုနဲ့ပွဲမှာ
၁၀ မိနစ်၊ ပွဲစဉ် ၂
အယ်မီရီယာနဲ့ပွဲမှာ
၉ မိနစ်ပဲ ကစားခွင့်ရခဲ့တယ်။
ဆယ်တာနဲ့ကစားတဲ့
ပွဲစဉ် ၃ က သူ့အတွက်
အလှည့်အပြောင်းပဲ။
၁၈ မိနစ်မှာ ဗီနီရှက်စ်
နာသွားတော့ ဝင်ကစားခွင့်ရပြီး
ဘယ်လင်ဂမ်သွင်းတဲ့
တလုံးတည်းသောဂိုးကို
ဖန်တီးပေးနိုင်ခဲ့တယ်။

ဒီနောက်ပိုင်း သူက
မက်ဒရစ်တိုက်စစ်ရဲ့
အဓိက ဦးဆောင်သူ
ဖြစ်လာတယ်။
ဂိုးလာဘ်ရှိတယ်။
ခေါင်းတိုက်ကောင်းတယ်။
ဘယ်ခြေညာခြေ
ကြုံသလို ကန်သွင်းနိုင်တယ်။

ဟိုဆေးလူကို
ကြိုက်တာတခုက
အမြဲ ကြိုးစားနေတာပဲ။
ဂိုးဆာလောင်လွန်းသူလို့လည်း
ဆိုနိုင်ပါရဲ့။ ဇယားထိပ်က
ဂျီရိုနာကို ၃ ဂိုးပြတ်
အနိုင်ရတဲ့ပွဲမှာလည်း
သူက ၁ ဂိုးသွင်းပြီး
ဘယ်လင်ဂမ်အတွက်
၁ ဂိုးဖန်တီးပေးခဲ့သေးတယ်။
အခုဆိုရင် ဟိုဆေးလူဟာ
လာလီဂါ ၈ ပွဲမှာ ၄ ဂိုးသွင်း၊
၂ ဂိုးဖန်တီးပေးထားတယ်။

မရှိသုံး အနေအထားနဲ့
သိမ်ငယ်စွာ ရောက်လာခဲ့ပေမယ့်
လက်ရှိအချိန်မှာတော့
နေရာတခုကို အခိုင်အမာ
ရယူထားနိုင်ပြီလို့
ဆိုနိုင်ပါတယ်။
ယုံကြည်မှုတွေ
သယ်ဆောင်လာပြီလို့
ကြွေးကြော်ထားတဲ့
ဟိုဆေးလူက
ဆုဖလားတွေရအောင်
သူ့ရဲ့သွင်းဂိုးတွေနဲ့
ကူညီပေးမယ်လို့လည်း
ဆိုနေလေရဲ့။
ဘာကာနဲ့ ဥရောပ
ပြိုင်ဘက်တွေ
လန့်နေပြီလား မသိ။

Facebook Comments Box
Facebook Comment