
မက်ဆီ ရမ္မက်
ထွန်းထွန်းဦး(လှိုင်)
မက်ဆီ …
လိုချင်တပ်မက်စရာ တစ်ခု …
စီးပွားဖြစ်ထွန်းနိုင်သေးတဲ့ လာဘ်ကောင် …
လူတိုင်း အားကျရတဲ့ ဘောလုံးဇာတ်လိုက် …
သူလိုလူမျိုးကို ဘယ်သူကများ မလိုချင်ရှိမယ်တဲ့လဲ …
တန်ဖိုးသိလို့လည်း လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ မက်ဆီ ..
ရောဂါထမယ်ဆိုလည်း ထချင်စရာ အချိန်လေ …
သိတယ်ဟုတ် ..

ရှေ့လဆိုရင် အပြောင်းအရွှေ့ကာလ ရောက်ပြီ။ မက်ဆီကိစ္စလည်း အပါအဝင်ဖြစ်မယ်။
ချက်ချင်း ခေါ်လို့မရပေမယ့် ကြိုချိတ်ထားတာမျိုးနဲ့ သေချာအောင် အေးဂျင့်အားလုံး မက်ဆီရဲ့အဖေဖုန်းကို အကြိမ်များစွာခေါ်ပြီး ငွေသားနဲ့တစ်မျိုး၊ ရှိရင်းစွဲခင်မင်မှုကို ခုတုံးလုပ်ပြီး မျှားတာတစ်ဖုံ ၊ အထက်လမ်းရော၊ အောက်လမ်းနည်းတွေ စုံလင်နေအောင်သုံးရင်း ဖီဖာနဲ့ ယူအီးအက်ဖ်အေ စည်းကမ်းတွေကို လက်တစ်လုံးခြား ဖောက်ဖျက်ဖို့ လမ်းစများတောင် ရှာတွေ့နေကြပြီလား မသိ …
မက်ဆီရောဂါကလည်း တော်တော်လေးကို သည်းပါတယ်။
ပိုဆိုးတာက ငွေကြေးကို ထွေခင်းကစားတဲ့ ကြေးရတက် သူဌေးတွေပိုင်ဆိုင်တဲ့ ကလပ်တွေက မက်ဆီမှမက်ဆီ ဖြစ်ပြနေတော့ ကျန်တဲ့ မက်ဆီ လိုချင်တဲ့ ကလပ်တွေအားလုံး အလိုလို နောက်ရောက်မှန်းမသိ ရောက်ကုန်တာ လည်း မဆန်းပါဘူး။
ခေတ်ကလည်း ကိုဗစ်ကပ်ဘေးဆိုက်နေတဲ့အချိန်၊ ငွေသုံးကြမ်းပြီး ရမ်းဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်တဲ့ အချိန်ကာလဆိုတော့ ဝင်ငွေနည်းပါးပြီး စီးပွားဖြစ်ထွန်းမှု နောက်နားရောက်နေချိန်မှာ မက်ဆီလို ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ကို ရဖို့အရေး ငွေတွေခင်းပြီး အပြိုင်အဆိုင်လုရမယ့်အရေးမှာ ဝင်ပြိုင်ရေးကို ဘယ်လိုတွေးမိကြမှာတဲ့လဲ။
ဘာစီလိုနာကလည်း မက်ဆီဆက်နေရေးနဲ့ ပတ်သက်ပြီး ဥက္ကဌ အသစ်တွေအားလုံး မက်ဆီဆက်နေအောင် လုပ်ပေးပါ့မယ်။ သူတို့ကို မဲပေးရွေးချယ်ပါ။
သူတို့ ဘာကာမှာ ဥက္ကဌဖြစ်ရင် မက်ဆီကိစ္စ အဆင်ပြေစေရပါမယ် ဆိုတာမျိုး လေသံလွှင့် မဲဆွယ်နေတဲ့ အသံ များကလည်း နေရာတိုင်းမှာ ကြားနေရတယ်။
တကယ်ဆို မက်ဆီဟာ ဘာကာရဲ့မိသားစုဝင်နဲ့မခြား ငယ်မွေးခြံပေါက်တစ်ယောက်ဆိုတာ လူတိုင်းသိတယ်။
လာမာစီယာ ကျောင်းထွက်တစ်ယောက်ဖြစ်သလို နှစ်ပေါက်အောင် ကစားသမား ဘဝကုန်ဆုံးတဲ့အထိ သူ ဆက်နေချင်တာ ဘာစီလိုနာမှာပါ၊

အားလုံးလည်း သိကြမယ်ထင်တယ်။ အဆင်မပြေမှုက အရပ်လေးမျက်နှာကနေ သူ့ဆီ တည့်တည့်တိုးလာတဲ့ အချိန်မှာ ဘာမှကို အဆင်မပြေတော့တာပါ။
မိသားစုကလည်း အခြေကျနေပြီ၊ သူနောက်ထပ်တစ်နေရာကို သွားဖို့ဆိုတာကလည်း လက်ကျန်အချိန်နဲ့ ဘယ် လိုမှ အောင်မြင်ဖြစ်ထွန်းမှုကို ထပ်ရှာဖို့ဆိုတာ မလွယ်တော့ဘူး။
နေဝင်ချိန် လှပအောင် သူရွေးဖို့လိုတာ မှန်ပေမယ့် သူ့အရင်းခံစိတ်က ဘာစီလိုနာပါပဲ။
လာလီဂါဟာ သူပျော်တဲ့အရပ်၊ သူ့ဘဝဇာတ်ကြောင်း အစနဲ့အဆုံးကို စပိန်မှာသာ ဘူတာဆိုက်ချင်တဲ့သူပါ။
ဒါပေမဲ့ လက်ကျန်စာချုပ်ကိစ္စအတွက် ဆုံးဖြတ်ချက်ဟာ လိပ်ခဲတည်းလည်းပမာ၊ အချို့က သူ ဘာကာကို အ သည်းနာခဲ့ပြီတဲ့၊ လစာကိုဖဲ့ပြီး ကိုဗစ်ကာလမှာ အားလုံးလျှော့ယူခဲ့တယ်။
သူ့ရဲ့မိတ်ဆွေစစ်ဖြစ်လာတဲ့ တွဲဖက်ရဲဘော်ကြီး ဆွာရက်ဇ်ကိုလည်း လစာများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာကာက ကန်ထုတ်ခဲ့သလို အခု သူ့ကိုလည်း ဘေးပို့ပြီး ဘာစီလိုနာ ခေတ်သစ်ထူထောင်ဖို့ ကြိုးစားကြတဲ့ အနာဂတ် မျှော်တွေးကြတဲ့သူတွေတစ်သိုက်ကြောင့် ဘာမှကို အဆင်မပြေတော့တဲ့ မက်ဆီကိစ္စက အခု အချိန် အထိ ဂယက်ထတုန်းပါ။
စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်နေမယ့် မက်ဆီရဲ့ထွက်ပေါက်ဟာ ဘယ်ကို ဦးတည်မလဲ။
အထက်မှာ ပြောခဲ့သလိုပါပဲ။ ငွေကြေးတတ်နိုင်ကြတဲ့ ကလပ်တွေကိုကြည့်တော့ မက်ဆီကို လိုချင် လှပါချည် ရဲ့ဆိုတဲ့ အသင်းတွေထဲမှာ နောက်ဆုံး ဆန်ခါတင်ကျန်ရှိနေတာက မန်စီးတီးနဲ့ PSG ပဲ ဖြစ်တယ်။

အားလုံးက အသင်းကို ငွေသုံးကြမ်းပြီးတော့ ပြင်ဆင်နေကြတဲ့အသင်းတွေ ဖြစ်တယ်။ မက်ဆီအတွက်တော့ ရွေးချယ်ချင်စရာအဖြစ် ရှိနေတဲ့ အသင်း ၂ သင်းလည်း ဖြစ်တယ်။
လစာကိစ္စ ဆိုတာလည်း လုံးဝလှည့်မကြည့်သလို အဲ့ဒီမှာ လစာဖြတ်တောက်မှုဆိုတာကလည်း မရှိ၊ မကြားရတဲ့ ကမ္ဘာတစ်ခုလိုမျိုး ဖြစ်တယ်။
ကြိုက်လို့ ဝယ်စုဆောင်းထားတဲ့ ရှားပါးပစ္စည်းတွေချည်း အလှကြည့်နေတဲ့ ကလပ်တွေလို့ဆိုရင် မမှားဘူး။
သူဌေးတွေကလည်း အားလုံး ရှိတ်စော်ဘွားတွေချည်း ဖြစ်နေတာက ဆန်းတယ်။ နှစ်သင်းစလုံး စပ်မယ်ဆိုရင် အမျိုးတော်သူတွေတောင် ပါကြတယ်။
တော်ဝင်သွေး ပါဝင်ကြတဲ့ မင်းညီမင်းသားတွေ ထွေခင်းကစားတဲ့ ငွေကြေးစီးပွားရေး ဂုဏ်ဖော်တဲ့ ဇာတ်လမ်းမှာ မက်ဆီပါလာပြီ။
ခမ်းနားတဲ့ အလွှာတွေနဲ့ စုဖွဲ့ထားတဲ့သူတွေ၊ လုပ်ငန်းတွေအကြောင်းပြ ဂုဏ်တုဂုဏ်ပြိုင် ဇာတ်လမ်းမှာတော့ မက်ဆီဟာ ဘယ်သူရမယ့် အလှကြည့်ခံ ကမ္ဘာ့အဖိုးတန် သက်ရှိပစ္စည်း ဖြစ်လာမလဲ။
စိတ်ဝင်စားဖြစ်ပါတယ်။
၃၃ နှစ်သားရဲ့စာချုပ်စေ့ဖို့ကလည်း ဘာမှကို မလိုတော့တာပါ။ JUN 30, 2021 ဆိုရင် သူ့စာချုပ် ဘာကာနဲ့ ပြည့်ပါပြီ။
ဒီတော့ မက်ဆီရဲ့စကားတစ်ခွန်းဟာ ဘာမဆို အတည်ဖြစ်သွားနိုင်တာကြောင့် သတင်းသမားတွေကအစ အား လုံးဟာ ဘောလုံးဘုရင်ရဲ့ရှေ့ရေးကို မျှော်တွေး စောင့်စားနေကြတာပါပဲ။

လောလောဆယ်တော့ မက်ဆီတစ်ယောက် အနီးဆုံးအင်တာဗျုးမှာ ဖြေထားတာက တစ်နေ့မှာ အမေရိကန် မေဂျာလိဂ် ဘောလုံးကမ္ဘာကို သွားကစားဖြစ်ဖို့ရှိကြောင်း ပြောထားသလို အသင်းသစ် တစ်သင်းပြောင်းကစား ဖို့နဲ့ ပတ်သက်ပြီးလည်း အခုအချိန်မှာ ဘယ်အသင်းကို သွားကစားမယ်၊ သွားကစားဖို့အတွက် သဘောတူထား တယ်ဆိုတာမျိုးကို သူ့အနေနဲ့ ဆုံးဖြတ်ဖို့ ရှိဦးမှာမဟုတ်သလို ဘာစီလိုနာနဲ့ စာချုပ်စေ့သွားတဲ့အခါမှသာ အသင်း သစ်တစ်သင်းကို ပြောင်းကစားဖို့ ဆုံးဖြတ်ဖြစ်မယ်လို့ ပြောထားတာတွေ ရှိနေတယ်။
ထားပါ။ ဒါကတော့ မက်ဆီရဲ့ပြောစကားပေါ့နော်။
တကယ်လို့ မက်ဆီသာ စပိန်ပြင်ပကို ရောက်မယ်ဆိုရင် သူ့ကို အတည်တကျ ခေါ် ဖြစ်မယ့် ကလပ်တွေထဲမှာ ရှေ့ ဆုံးကကြည့်ရင် မန်စီးတီးရှိနေတယ်။
မန်စီးတီးဆိုရင် အုပ်ချုပ်ရေးပိုင်းမှာ ဘာကာလူဟောင်းတွေ စုနေတဲ့အပြင် ဆရာဟောင်း ဂွါဒီယိုလာ ရှိနေတယ်။
မက်ဆီအတွက် ရေကန်အသင့် ကြာအသင့်ဖြစ်နေတာ အမှန်ပါပဲ။
ပြီးတော့ PSG ဆိုရင်လည်း ကစားဖော်ဟောင်း နေမာရှိနေတဲ့အပြင် စပိန်အထာ သိခဲ့တဲ့သူတွေထဲမှာ နည်းပြ ချုပ်အသစ်ဖြစ်လာတဲ့ ပိုချက်တီနိုလည်း ရှိနေတယ်။
ပိုချက်တီနိုကလည်း မက်ဆီကို ခေါ်လို့ရမယ်ဆိုရင် အမိအရခေါ်မယ့် ကစားသမားစာရင်းထဲမှာ ထိပ်ဆုံးပို့ထားတယ်။
အခုလတ်တလောတောင် မက်ဆီခေါ်ယူရေးကို အဓိက ဦးစားပေးဖြစ်နေတာ သတင်းတွေမှာ တွေ့ရမှာဖြစ်တယ်။

ငွေရေးကြေးရေးကို ကြည့်စရာမလိုပါဘူး။ မက်ဆီ အတွက် အရာရာ ပြည့်စုံနေတယ်။
တစ်ခုပါပဲ။ နေဝင်လှဖို့နဲ့ အနာဂတ် သာသာယာယာဖြစ်ဖို့အတွက်ကို မက်ဆီ ဘာကာအပြင်ဘက်ထွက်ခဲ့ရင် ဘယ်လမ်းကို သွားသင့်သလဲ ဆိုတာပါပဲ။
ဘာစီလိုနာကရော မက်ဆီကို လက်လွှတ်ခံမယ်တဲ့လား။
လက်ရှိ ဥက္ကဌရဲ့အတွေးထူးပြီး ဆန်းပြားတဲ့ တစ်ယူသန်စိတ်နဲ့မက်ဆီကို ဘေးပို့တဲ့ ဇာတ်လမ်းဟာ အနာဂတ်အ တွက် မှန်သင့်သလောက်မှန်ပေမယ့် လတ်တလောအတွက် တည့်တည့်ကြီးကို မှားနေတာ လက်ရှိဖြစ်ပျက်သွား တဲ့ ကိစ္စက သက်သေခံနေတယ် မဟုတ်ပါလား။
ပြီးတော့ ကာယကံရှင်နဲ့ပရိသတ်တွေအဖို့တော့ ဒီကိစ္စကြီးဟာ အစိမ်းလိုက် အသဲခွဲတမ်း ကစားသလိုမျိုး ခံစားရ ခက်ခဲစေသလို မလိုအပ်တဲ့ဆူးတွေ ရင်ထဲထွင်းဖောက် စူးနစ်စေသလို၊ အမုန်းနဲ့နာကျင်မှုကသာ အဖတ်တင်ခဲ့ရတယ်။
မကြာခင်ဆိုရင်လည်း လမ်းဆုံမှာ ဆုံးဖြတ်ချက်တစ်ခု ချရမယ့် မက်ဆီရဲ့အနာဂတ်နဲ့ ပတ်သက်တာဟာ သိရပါတော့မယ်။
ဘာတွေဖြစ်လာမလဲ။
နေမလား၊ သွားမလား …
ပတ်ဝန်းကျင် အထိအတွေ့အသစ်နဲ့ မိတ်ဆက်ပြီး ကမ္ဘာကြီးကို မက်ဆီဟာ ဟယ်လိုလို့ပဲ နွေးထွေးစွာ မင်္ဂလာ စကားဆိုလိုက်မလား …
ဒီလိုမှမဟုတ် ..
ကြားနေကြအတိုင်း စပိန်လေသံနဲ့ ကျွန်တော့်ဘဝဟာ ဘာစီလိုနာမှာ ဆက်လက်ရှင်သန်မှာပါဆိုတာ ကြားရမလား …
ကျန်တာတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ကြသေးတာပေါ့ …