မက်ဆီ ဆုံးဖြတ်ချက်ပြင်လာမှုနှင့်အတူ ဂရက်ဇ်မန်း၏ဘာစီလိုနာအနာဂတ် မရေမရာ ဖြစ်လာ

လီယွန်နယ်မက်ဆီ၏ ဘာစီလိုနာတွင် ဆက်ကစားရန် ဆုံးဖြတ်ချက် ချလိုက်မှုမှာ ဂရက်ဇ်မန်းအတွက်မှလွဲပြီး ကျန်ဘာစီလိုနာအသင်းသား အားလုံးအတွက် ဝမ်းသာ စရာတစ်ခု ဖြစ်နေသည်။ ဂရက်ဇ်မန်းသည် ဘာစီလိုနာတွင် မက်ဆီ ဆက်ရှိနေရန် ဆုံးဖြတ်လာမှုနှင့်အတူ နျူးကမ့်အနာဂတ်မှာ မရေမရာဖြစ်လာခဲ့ပြီဖြစ်သည်။

ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းသည် ဂရက်ဇ်မန်းအား မက်ဆီနေရာတွင် အစားထိုးကာ အဓိကမဏ္ဍိုင်အဖြစ် တည်ဆောက်ရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ မက်ဆီ ဆက်ကစားတော့မည်ဖြစ်ရာ အစီအစဉ် အပြောင်းအလဲ လုပ်လာရတော့မည်ဖြစ်သည်။

ထို့အပြင် ရော်နယ်ကိုးမန်းသည် လူငယ်ပါရမီရှင်များဖြစ်ကြသည့် အသက် ၁၇ နှစ်ရှိ ဖာတီနှင့် တောင်ပံကစားသမားဒမ်ဘီလီတို့ကိုလည်း ဆက်လက်တောက်ပနိုင်ရေး အတွက် နေရာပေးရဦးမှာ ဖြစ်သလို ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် ကော်တင်ဟိုကိုလည်း အခွင့်အရေး ပေးလိုလျက်ရှိနေသည်။

ထို့ကြောင့် ဂရက်ဇ်မန်း၏နျူးကမ့်အနာဂတ်မှာ မရေမရာ ဖြစ်လာခြင်းလည်းဖြစ်သည်။

အသက် ၂၉ နှစ်ရှိ ဂရက်ဇ်မန်းသည် ပြီးခဲ့သည့် နွေရာသီတွင် အက်သလက်တီကိုမှ ပေါင် ၁၀၇ သန်းဖြင့် ပြောင်းလာပြီးနောက် လာလီဂါတွင် ၉ ဂိုးတည်းသာ သွင်းနိုင်ကာ အကောင်းဆုံးပုံစံ ပျောက်ဆုံးခဲ့သည်။

လက်ရှိအချိန်တွင် ဂရက်ဇ်မန်း၏အခြေအနေကို မန်ယူ၊ အာဆင်နယ်နှင့် လီဗာပူး အသင်းတို့က စောင့်ကြည့်လျက်ရှိနေသည်။

ဘာစီလိုနာသည် ၂၀၂၀ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်း၏ဘဏ္ဍာရေး အခြေအနေကို များစွာ ထိခိုက်ထားရာ ဂရက်ဇ်မန်းအား ရောင်းချပြီး ကိုးမန်းအတွက် ကစားသမားသစ် ဝယ်ယူရေး အားဖြည့်ပေးရန် စီစဉ်နေသည်။

မန်ယူသည် နယ်သာလန်လက်ရွေးစင်ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူထားနိုင်ပြီးဖြစ်သော်လည်း ဆန်ချိုအား ခေါ်ယူနိုင်ရေး ဆက်လက် လုပ်ဆောင်လျက်ရှိနေသလို ဂရက်ဇ်မန်း၏အခြေအနေကိုလည်း စောင့်ကြည့်နေသည်။

Facebook Comments Box
Facebook Comment