မက်ဆီသာ ယခုခြေစွမ်းဖြင့်ကစားလျှင် စောဒကတက်စရာမရှိဟု ကိုးမန်း ပြောကြား

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက အင်္ဂါနေ့ညတုန်းက ဟန်ဂေရီကလပ် ဖီရန်ဗာရို့စ်အား ၅-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် ကစားခဲ့သည့် ခြေစွမ်းမျိုးဖြင့် လီယွန်နယ်မက်ဆီက ကစားမည်ဆိုပါက စောဒက တက်စရာမရှိကြောင်း ပြောကြားလိုက်သည်။ ကိုးမန်းသည် စနေနေ့တုန်းက ဂီတာဖေးအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် အသင်းခေါင်းဆောင်မက်ဆီ၏ ခြေစွမ်းမှာ ပုံမှန်အောက်သို့ ကျဆင်းနေကြောင်း ပြောကြားခဲ့ဖူးသူ ဖြစ်သည်။

မက်ဆီသည် ဖီရန်ဗာရို့စ်နှင့်ပွဲတွင် ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီမှ တစ်ဆင့် သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ ရာသီဆက် ဂိုးသွင်းနိုင်သည့် ကစားသမားအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။ မက်ဆီသည် ယင်းပွဲတွင် ပွဲပြီး ခါနီး၌ ဒမ်ဘီလီ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးနိုင်ခဲ့သည်။

ကိုးမန်းက “တကယ်လို့ ဒီညလိုမျိုး ကစားခဲ့မယ်ဆိုရင် လီယိုနဲ့ပတ်သက်ပြီး ကျွန်တော့်ဘက်က ဘာမှ စောဒကတက်စရာမရှိပါဘူး။ သူ အရမ်း ကြိုးစားခဲ့တယ်။ ပင်နယ်တီကနေ ဂိုးသွင်းခဲ့တယ်။ တကယ်လို့ သူ မသွင်းခဲ့ဘူးဆိုရင်လည်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် ဖန်တီးခဲ့တော့ သူ့ဆီက ဒီထက်မက ပိုတောင်းဆိုလို့ မရပါဘူး။ အခု ကျွန်တော်တို့ရဲ့ ရှေ့တန်း ကစားသမားတွေ ကစားတာ ကောင်းပါတယ်။ ဒါက နည်းပြတစ်ဦးအတွက် အကောင်းဆုံးပါပဲ”ဟု ပြောကြားခဲ့သည်။

မက်ဆီ၏ ဘာစီလိုနာသည် လာမည့် စနေနေ့တွင် ၂၀၂၀-၂၁ ရာသီ၏ ပထမဆုံး အယ်ကလာစီကိုပွဲစဉ်အဖြစ် နျူးကမ့်၌ ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment