မက်ဆီသာ ထွက်ခွာလိုလျှင် မည်သည့်အရာကမျှ တားနိုင်မည်မဟုတ်ဟု ဖီဂို ပြောကြား

လူးဝစ်ဖီဂိုက လီယွန်နယ်မက်ဆီသာ ထွက်ခွာလိုလျှင် သူ့စိတ်ပြောင်းအောင် မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ဘာစီလိုနာကို သတိပေး ပြောကြားလိုက်သည်။

ရွှေဘောလုံးဆု ခြောက်ကြိမ်ရ လီယွန်နယ်မက်ဆီသည် နွေရာသီတုန်းက ဘာစီလိုနာမှ ထွက်ခွာရန် ကြိုးပမ်းခဲ့ဖူးသူ ဖြစ်သည်။ မက်ဆီသည် ကစားသမားဘဝတစ်ခုလုံးကို ဘာစီလိုနာတွင် ကုန်ဆုံးလာခဲ့သော်လည်း ကလပ်၏ စီမံခန့်ခွဲမှုများအပေါ်တွင် စိတ်ပျက်ကာ စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

မက်ဆီကို ခေါ်ယူရန် အင်တာမီလန်၊ မန်စီးတီးတို့က စိတ်ဝင်စားခဲ့ကြပြီး မန်စီးတီးမှာ ခေါ်ယူရေး ဆွေးနွေးမှု အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့သည်ဟု ယူဆရသည်။

သို့ရာတွင် ဘာစီလိုနာက စာချုပ်ပါအချက်အတိုင်း ယူရိုသန်း ၇၀၀ ပေးမှသာ ထွက်ခွာနိုင်မည်ဟု ပြောဆိုခံရပြီးနောက် ကလပ်နှင့် တရားရင်မဆိုင်လို၍ ဆက်ကစားရန် မက်ဆီ ဆုံးဖြတ်ခဲ့ရသည်။

အသက် ၃၃ နှစ်ရှိ မက်ဆီ၏ လက်ရှိ စာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမည် ဖြစ်ပြီး ယခုတိုင် စာချုပ်သစ် ချု်ပဆိုရေးအတွက် ဆွေးနွေးမှု မပြုလုပ်ရသေးချေ။ မက်ဆီအနေဖြင့် လာမည့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်ပကလပ်တစ်ခုနှင့် ဆွေးနွေးပြီး အကြို စာချုပ်ချုပ်ဆိုထားနိုင်သည်။

ဘာစီလိုနာမှ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းကစားခဲ့ဖူးသည့် ဖီဂိုက “မက်ဆီ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်နေခဲ့ပါတယ်။ ဒီနွေမှာ သူ ထွက်ခွာဖို့ ကြိုးစားခဲ့တယ်။ ဘောလုံးပရိသတ်အားလုံး အံ့ဩခဲ့ကြတယ်။ ဖြစ်လာမယ်လို့လည်း မျှော်လင့်ခဲ့ကြပြီးသားပါ။ သူ့မှာ ဒီဆုံးဖြတ်ချက်ချဖို့အတွက် စိတ်အားထက်သန်မှုနဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ အရင်တုန်းက ဘာတွေ ဖြစ်ခဲ့လဲ မသိပါဘူး။ ကလပ်တိုင်းက မက်ဆီလို ကစားသမားမျိုးကို အလိုရှိပါတယ်။ ဒါပေမယ့် ငွေကြေးအခြေအနေနဲ့ကလည်း သက်ဆိုင်နေပါတယ်။ သူ့အတွက် ကုန်ကျမယ့်စရိတ်၊ လက်မှတ်ထိုးကြေးစရိတ်ကလည်း ရှိပါတယ်။ ဒါပေမယ့် တစ်နေရာရာမှာ မနေချင်တော့ဘူးဆိုရင် ဘယ်အရာကမှ စိတ်ပြောင်း အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment