မက်ဆီပြဿနာအပြီး လူကြားထဲ ပထမအကြိမ် ထွက်ချိန်တွင် အနှောက်အယှက်ပေး ခံခဲ့ရသည့် ဘာစီလိုနာဥက္ကဌ

ဘာစီလိုနာဥက္ကဌဘာတိုမြူသည် လီယွန်နယ်မက်ဆီ၏အနာဂတ်ပြဿနာအရှုပ် တော်ပုံအပြီး လူထုထဲသို့ ပထမဆုံးအကြိမ် သွားရောက်ချိန်အတွင်းတွင် ဘာစီလိုနာလမ်းများ၌ လူများ၏အော်ဟစ်ပြောဆိုခံခဲ့ရကာ  အနှောက်အယှက် ပေးခြင်း ခံခဲ့ရသည်။

ဘာတိုမြူသည် ဘာစီလိုနာအသင်း၏မအောင်မြင်မှုအတွက် ဝိုင်းလက်ညှိုးထိုးခံနေ ရသည့်အပြင် ဘာစီလိုနာ၏ငွေကြေးများကို ကိုယ်ကျိုးအတွက် အသုံးပြုထားသည်ဟု ဆိုကာ ကတ်တလန်ရဲတပ်ဖွဲ့၏စွပ်စွဲခြင်းခံထားရသေးသည်။ သို့ရာတွင် ဘာတိုမြူက စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားသည်။

ဘာတိုမြူသည် ဘာစီလိုနာမြိုရှိ လမ်းတွင် သွားနေစဉ် ပရိသတ်များက “ရာထူးက နုတ်ထွက်”၊ “ကလပ်ကထွက်သွားစမ်း”ဟုလည်း ပြောဆိုခြင်းခံခဲ့ရသည်။

ဘာစီလိုနာသည် မက်ဆီကို ၂၀၂၀-၂၁ ရာသီတွင် ဆက်ရှိအောင် လုပ်ဆောင်ထားနိုင်ပြီဖြစ်သော်လည်း ဘာတိုမြူအပေါ် ဘာစီလိုနာပရိသတ်များက လက်မခံတော့ကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။

ဘာစီလိုနာသည် လာမည့် မတ်လ ၂၀ နှင့် ၂၁ ရက်တို့တွင် ဥက္ကဌသစ် ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ပြီး ဘာတိုမြူမှာ ဥက္ကဌသစ် ထွက်ပေါ်လာလျှင် ရာထူးမှ ထွက်ခွာပေးရမည်ဖြစ်သည်။

ဘာတိုမြူသည် ၂၀၁၄ ခုနှစ်တွင် ဆန်ဒရိုရိုဆဲလ် ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဒုဥက္ကဌရာထူးမှ ဥက္ကဌရာထူးကို လွဲပြောင်းရယူခဲ့သူဖြစ်သည်။

Facebook Comments Box
Facebook Comment