မက်ဆီနှင့် ဘာကာက ခွဲခြားမရကြောင်း ကိုးမန်း ပြောကြား

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် မိမိ၏ အနာဂတ် အစီအမံများထဲတွင် ပါဝင်နေပြီး မက်ဆီနှင့်အတူ ဘာစီလိုနာက ပိုကောင်းသည့်အသင်းအဖြစ် အမြဲတည်ရှိနေကြောင်း ပြောကြားလိုက်သည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီသည် ယခုနှစ် ဘောလုံးရာသီ မစမီ နူးကမ့်အခြေစိုက်ကလပ်မှ ထွက်ခွာရန် ပြင်ဆင်ခဲ့ပြီး ကလပ်တာဝန်ရှိသူများနှင့် ကတောက်ကဆ ဖြစ်ပွားခဲ့သည်။

ဘာစီလိုနာ တစ်သင်းတည်းတွင်သာ သစ္စာရှိရှိ ကစားလာသော မက်ဆီနှင့် ကလပ် ထိပ်ပိုင်းတာဝန်ရှိသူများကြား ဖြစ်ပွားခဲ့သော အငြင်းပွားမှုက တရားရုံးတွင် ဖြေရှင်းရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၆ ဆုရှင်ဘက်မှ အလျှော့ပေးခဲ့သောကြောင့်သာ ပြေလည်မှု ရရှိခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာတွင် ယခုဘောလုံးရာသီကုန်အထိ ကစားရန် ဆုံးဖြတ်ခဲ့ပြီး စာချုပ်ပြည့်ပါက အခြားအသင်းများသို့ အလွတ်ပြောင်းရွှေ့ခွင့် ရရှိမည် ဖြစ်သည်။

မက်ဆီ ထွက်ခွာမည့်အခြေအနေ၊ ကွင်းတွင်း အောင်မြင်မှုမရခြင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ဂယက်နှင့် ဘဏ္ဍာရေးအခြေအနေ ယိမ်းယိုင်မှုများကြောင့် အသင်းဥက္ကဋ္ဌ ဘာတိုမြူနှင့် ဘုတ်အဖွဲ့တစ်ခုလုံး နုတ်ထွက်သွားခဲ့ရပြီး နည်းပြသစ် ကိုးမန်းအတွက်လည်း ခက်ခဲသည့် အနေအထားနှင့် ကြုံတွေ့ခဲ့သည်။

အသင်းသို့ စရောက်ခါစ အခြေအနေ၊ ပစ္စုပ္ပန်အခြေအနေတို့နှင့် ပတ်သက်၍ ကိုးမန်းက “သူတို့က မက်ဆီ မပျော်ရွှင်ဘူးလို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်တို့ သူ့အိမ်မှာ စကားပြောကြတယ်။ သူကလည်း ဘာတွေဖြစ်နေသလဲဆိုတာ အကြောင်းပြချက်ပေးသလို ကျွန်တော်ကလည်း ရှင်းပြတယ်။

အရိုးသားဆုံးပြောရရငင် ဘောလုံးနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပြောင်းလဲကြမလဲဆိုတာပဲ သူ့ကိုပြောခဲ့တယ်။ ကလပ်နဲ့ ပြသနာဖြစ်ခဲ့ပေမယ့်လည်း သူဟာ ရည်မှန်းချက်ကြီးမားပြီး အကောင်းဆုံးတွေ ရယူချင်တယ်လို့ မက်ဆီက ပြောတယ်။ ဘာစီလိုနာဟာ မက်ဆီနဲ့အတူ အမြဲတမ်း ပိုကောင်းတဲ့အသင်း ဖြစ်လာပါလိမ့်မယ်” ဟု ပြောသည်။

Ref:Marca

Facebook Comments Box
Facebook Comment