မက်ဆီနှင့် ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း ရော်နယ်ကိုးမန်း ပြောကြား

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက မက်ဆီနှင့် ဘာစီလိုနာအကြားတွင်ပင် ပဋိပက္ခဖြစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်လီယွန်နယ်မက်ဆီအကြားတွင် မည်သည့်ပြဿနာမျှ မရှိကြောင်း ပြောကြားလိုက်သည်။

၂၀၁၉-၂၀ ရာသီတွင် ဖလားလက်မဲ့ ဖြစ်မှု၊ ဘိုင်ယန်မြူးနစ်ကို ၈-၂ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှ အရှက်တကွဲ ထွက်ခွာခဲ့ရမှုတို့ ဖြစ်ပျက်ပြီးနောက် မက်ဆီသည် နျူးကမ့်မှ ထွက်ခွာခွင့် တောင်းဆိုခဲ့သည်။

သို့ရာတွင် အသက် ၃၃ နှစ်ရှိ မက်ဆီသည် ဘာစီလိုနာမှ ထွက်ခွာရေး ဆက်လက် လုပ်ဆောင်လိုပါက တရားရုံးတွင် ကလပ်နှင့် ထိပ်တိုက် ရင်ဆိုင်ရမည့် အခြေအနေ ရှိမှုကြောင့် ဘာစီလိုနာတွင်ပင်ဆက် ကစားရန် ဆုံးဖြတ်ခဲ့သည်။

မက်ဆီသည် ယခုအခါ ဘာစီလိုနာနှင့်အတူ ရာသီသစ်အတွက် ပြင်ဆင်နေပြီ ဖြစ်ပြီး သူ၏စာချုပ်မှာလည်း တစ်နှစ်သာ ကျန်တော့သည်။

ဆီတိန်းနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသည့် ကိုးမန်းက ဖြစ်ပျက်ခဲ့သည့် ပြဿနာများမှာ မက်ဆီနှင့် ကလပ်အကြား ပြဿနာမျှသာဖြစ်ပြီး မက်ဆီနှင့် မိမိအကြား ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း ပြောကြားလိုက်သည်။

ကိုးမန်းက “ဒါက ကျွန်တော်နဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကလပ်နဲ့ မက်ဆီအကြား ပဋိပက္ခဖြစ်ပါတယ်။ အဲဒါတွေ ပြီးတော့ မက်ဆီနဲ့ စကားပြောခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ပုံမှန်အတိုင်းဘဲ ရှေ့ဆက်သွားပါမယ်”ဟု ပြောကြားသွားသည်။

ဆက်လက်၍ ရော်နယ်ကိုးမန်းက ဘာစီလိုနာမှာ လာမည့် ရာသီသစ်အား လက်ရှိ လူစာရင်းဖြင့်ပင် ဆက်ချီတက်နိုင်ကြောင်း ပြောကြားသွားသည်။ ဘာစီလိုနာသည် ဗီဒယ်ကို အင်တာသို့ လည်းကောင်း၊ ဆွာရက်ဇ်ကို ဂျူဗင်တပ်သို့လည်းကောင်း ရောင်းချရန် နီးစပ်နေပြီး လိုင်ယွန်မှ ဒီပေးကို ခေါ်ယူရန် ကြိးပမ်းနေသည်။ သို့ရာတွင် လိုင်ယွန်ဥက္ကဌအူးလက်စ်က ဘာစီလိုနာတွင် ဒီပေးကို ခေါ်ယူရန် ငွေကြေး မရှိကြောင်း ပြောကြားသွားသည်။

ကိုးမန်းက “ကျွန်တော်တို့ ရာသီသစ်အတွက် အလုပ်လုပ်နေပါတယ်။ အခုလက်ရှိ ပြင်ဆင်နေတဲ့အုပ်စုနဲ့ဘဲ ဆက်သွားဖို့ လုပ်နေပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment