မက်ဆီနှင့်ဆက်ဆံရေးမှာ လင်မယားအိုကြီးများကဲ့သို့ ရှိကြောင်း အဂူရို ဖွင့်ဟ

ဆာဂျီယိုအဂူရိုက ၎င်းနှင့် လီယွန်နယ်မက်ဆီတို့၏ ဆက်ဆံရေးမှာ လင်မယားအိုကြီးများကဲ့သို့ ရှိကြောင်း ဟာသနှောပြောကြားလိုက်သည်။ မန်စီးတီးစတားသည် ၂၀၀၆ ခုနှစ်တွင် အာဂျင်တီးနားအတွက် စတင်ကစားခွင့် ရရှိခဲ့ပြီး ၉၇ ပွဲကစားကာ ၄၁ ဂိုးသွင်းယူထားသည်။ အဂူရိုသည် မက်ဆီ၊ ဘာတစ္စတူတာတို့ပြီးနောက် အာဂျင်တီးနားသမိုင်းတွင် တတိယဂိုးအများဆုံး သွင်းယူသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။ မက်ဆီက ၇၁ ဂိုးဖြင့် အာဂျင်တီးနားအတွက် ဂိုးအများဆုံးသွင်းယူသူဖြစ် ရပ်တည်နေသည်။

မက်ဆီသည် ၂၀၀၅ ခုနှစ်တွင် အာဂျင်တီးနားအတွက် ပထမဆုံးပွဲကို ကစားခွင့် ရရှိခဲ့ပြီး အဂူရိုနှင့်အတူ ကမ္ဘာ့ဖလားသုံးကြိမ်၊ ကိုပါအမေရိကဖလားလေးကြိမ်အတူ တွဲကစားခဲ့ဖူးကာ ၂၀၀၈ အိုလံပစ်ဖလားအား အတူ ဆွတ်ခူးနိုင်ခဲ့သည်။

အဂူရိုနှင့် မက်ဆီတို့သည် လက်ရွေးစင်အတွက် သွားကစားချိန်တွင် တစ်ခန်းတည်း အတူတူ နေကြသူများဖြစ်သည်။ အဂူရိုက မက်ဆီနှင့် အတူတူ နေရသည်မှာ မလွယ်ကူကြောင်း ဆိုသွားသည်။

အဂူရိုက “သူက အမြဲ စောဒကတက်နေတတ်တယ်။ ကျုပ်တို့နှစ်ဦးက လင်မယာအိုကြီးတွေလိုဘဲ။ ကျွန်တော်က တီဗွီကြည့်ရင်း အမြဲ အိပ်ပျော်သွားတတ်တယ်။ နောက်တစ်နေ့ နိုးလာပြီဆိုတာနဲ့ သူက ဗျစ်ဗျစ်တောက်နဲ့ ပြောပါတော့တယ်။ သူက ဟိုတယ်သို့ ရောက်ပြီဆိုရင် ချက်ချင်း ရေချိုးတယ်။ ကျွန်တော်က ထိုင်ရင်း ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတတ်တယ်။ ပြီးရင် သူက ဒင်နာသွားစားကြမယ်၊ အချိန်မရှိတော့ဘူးလို့ သတိပေးလိမ့်မယ်”ဟု ပြောကြားသွားသည်။

မက်ဆီသည် မကြာသေးမီတုန်းက အီကွေဒေါအား ၁-၀ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် အာဂျင်တီးနားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့သည်။ ယင်းဂိုးမှာ မက်ဆီအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ၂၁ ဂိုးမြောက်ဂိုးလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဘာစီလိုနာကစားဖော်ဟောင်း ဆွာရက်ဇ်က ၂၂ ဂိုးဖြင့် တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂိုးအများဆုံး သွင်းယူသူအဖြစ် ရပ်တည်နေသည်။

Facebook Comments Box
Facebook Comment