မက်ဆီက အကောင်းဆုံးဖြစ်ပြီး ခြေစွမ်းပြနိုင်မည်ဟု ကိုးမန်း မျှော်လင့်ထား

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ကစားသမားဟု ချီးကျူးလိုက်သလို ယခုရာသီတွင် အကောင်းဆုံး ခြေစွမ်း ထုတ်ပြနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားလိုက်သည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီသည် အသင်းနှင့် အချေအတင်ဖြစ်ခဲ့ပြီးနောက် စာချုပ်သက်တမ်းပြည့်မည့် ယခုဘောလုံးရာသီကုန်ထိ ကစားရန် ဆုံးဖြတ်ခဲ့သည်။

ဆက်တီယန်၏နေရာကို ဆက်ခံကာ ဘာစီလိုနာနည်းပြဖြစ်လာသော ကိုးမန်းသည် အ သင်းသစ်နှင့်အတူ ပူးပေါင်းလုပ်ကိုင်သည်က ၂ ပတ်နီးပါး ရှိနေပြီဖြစ်သည်။

ယနေ့နံနက်က ပြုလုပ်သော လေ့ကျင့်ရေးအစီအစဉ်တွင် ကစားသမား အင်အားအစုံ အလင်ဖြင့် လေ့ကျင့်နိုင်ခဲ့ပြီး အားရကျေနပ်မှု အပြည့်ရှိသည်ဟု ကိုးမန်းက ပြောသည်။

“မက်ဆီက အကောင်းဆုံးပါ။ သူက နှစ်ပေါင်းများစွာအထိ သူ့ရဲ့အရည်အချင်းတွေကို ထုတ်ပြပြီး အရေးအကြီးဆုံး ကစားသမားတစ်ဦးဆိုတာကို သက်သေပြသထားပါ တယ်။ ဒီရာသီမှာလည်း အကောင်းဆုံးခြေစွမ်းကို ထပ်မံပြသနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ကိုးမန်းက ဆိုသည်။

ထို့အပြင် ၎င်းက အသင်းနှင့် ၂ ပတ်ကျော် လေကျင့်ခဲ့ပြီးနောက် ပျော်ရွှင်မိကြောင်း၊ ကစားသမားများကလည်း စိတ်ဓာတ်ရှိပြီး မိမိအလုပ်အပေါ် စိတ်ပါဝင်စားမှုရှိကြောင်း၊ ဘောလုံးကိုင်ကစားကာ ပြိုင်ဘက်အပေါ် ဖိအားပေးနိုင်အောင် ကြိုးစားလေ့ကျင့်နေကြောင်း ဖွင့်ဟသည်။

ယမန်နှစ်ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့သော ဘာစီလိုနာအသင်းသည် ယခုရာသီအတွက် ပထမဆုံးခြေစမ်းပွဲအဖြစ် စက်တင်ဘာ ၁၂ ရက်တွင် ဂျင်နက်စတစ်နှင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

Ref:MundoDeportivo

Facebook Comments Box
Facebook Comment