မက်ဆီကြောင့် ဘာကာတွင် ဂရစ်ဇ်မန်း ရုန်းကန်နေရခြင်းဟု အေးဂျင့် ဝေဖန်

ဘာစီလိုနာတိုက်စစ်မှူး အန်တိုနီဂရစ်ဇ်မန်း၏ အေးဂျင်ြ့ဖစ်သူ အဲရစ်အိုလ်ဟတ်က သူ၏ကစားသမား နူးကမ့်အခြေစိုက် ကလပ်တွင် ပုံမှန်ခြေစွမ်းမရဘဲ ရုန်းကန်နေရခြင်း မှာ အသင်းခေါင်းဆောင် မက်ဆီက ကူညီခြင်းမရှိသလို မနာလိုဖြစ်နေခြင်းကြောင့်ဟု ဝေဖန်လိုက်သည်။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်း သည် ၂၀၁၉ ဇူလိုင်တွင် ဘာစီလိုနာသို့ ယူရို သန်း ၁၂၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။

ဘာစီလိုနာသည် ဂရစ်ဇ်မန်းအတွက် အက်သလက်တီကိုအား စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၂၀ ပေး၍ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းသည် နူးကမ့်တွင် ထင်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ မှားယွင်းသော အသင်းပြောင်းရွှေ့မှုအဖြစ် ယူဆသူ အများအပြား ရှိနေသည်။

၎င်းသည် အက်သလက်တီကိုတွင် အဓိက ကစားသမားအဖြစ်သာမက မက်ဒရစ်အခြေစိုက် ကလပ်၏ အသည်းနှလုံးအဖြစ် သတ်မှတ်ခံထားရသော်လည်း ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ရာတွင်မူ ရုန်းကန်နေရသည်။

အသက် ၂၉ နှစ်အရွယ် ဂရစ်ဇ်မန်းသည် ဘာစီလိုနာတွင် ပြိုင်ပွဲစုံ ၅၇ ပွဲ၌ ၁၇ ဂိုးသာ သွင်းယူထားနိုင်ပြီး အသင်းခေါင်းဆောင် မက်ဆီ၏ လောင်းရိပ်အောက် ကျရောက်နေသည်။

အဲရစ်အိုလ်ဟတ်သည် ဂရစ်ဇ်မန်းကို ရှာဖွေတွေ့ရှိကာ မြေတောင်မြှောက်ပေးခဲ့သူ ဖြစ်ပြီး နောက်ပိုင်းတွင် ၎င်း၏ အေးဂျင့်အဖြစ် ဆောင်ရွက်လျက်ရှိကာ ဘာကာ၌ အင်ပါယာတစ်ခု ထူထောင်ထားသော မက်ဆီသည် ဂရစ်ဇ်မန်းကြောင့် ၎င်း၏အင်ပါယာ ပျောက်ဆုံးမည်ကို စိုးရိမ်ကာ ရန်သူသဖွယ် ဆက်ဆံခဲ့သည်ဟု တံဆိပ်ကပ်ခဲ့သည်။

အဲရစ်အိုလ်ဟတ်က “ဂရစ်ဇ်မန်း ကလပ်ကိုရောက်လာတော့ မက်ဆီလည်း စကားကို နောက်ဆုံးပြောသလို ဖြစ်တော့တာပဲ။ သူက ဘာကာမှာ သက်ဦးဆံပိုင် ဘုရင်တစ်ပါးလို အင်ပါယာကြီးတစ်ခုကို ထူထောင်ထားတာပါ။ ဒါကြောင့် ဂရစ်ဇ်မန်းကို လိုလိုလားလား မရှိခဲ့ပါဘူး။

ဂရစ်ဇ်မန်းရဲ့သဘောထားကတော့ သူ့အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းမခံရဘူးဆိုတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။ သူကတော့ မက်ဆီနဲ့ ဘာမှမဖြစ်ဘူးလို့ အမြဲတမ်း ပြောပြပါတယ်” ဟု ပြောသည်။

ထို့အပြင် ၎င်းက မက်ဆီသည် ဂရစ်ဇ်မန်းအား စကားမပြောသလို ဘောလုံးလည်း ပေးမကစားဘဲ ဂရစ်ဇ်မန်းအနေဖြင့် သူ၏ပြသနာများကို ကွင်းအတွင်း တစ်ဦးတည်းသာ ကြိုးစားဖြေရှင်းနေရဟုလည်း ဆိုသည်။

Ref:Marca

Facebook Comments Box
Facebook Comment