မက်ဆီကို ခေါ်ယူရန် ကြိုးပမ်းသည့် မန်စီးတီးကို မော်ရင်ဟို အရှိုက်တည့်တည့်ထိုး

ဟိုဆေးမော်ရင်ဟိုက မိမိတို့ စပါးစ်အသင်းမှာ Finanical Fair Play စည်းမျဉ်းကို လေးစားသည့် ကလပ်ဖြစ်၍ လီယွန်နယ်မက်ဆီကို ခေါ်ယူရန် မကြိုးပမ်းနိုင်ကြောင်း ပြောကြားကာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီးကို ထိုးနှက်တိုက်ခိုက်လိုက်သည်။

မက်ဆီသည် ပြီးခဲ့သည့်လတုန်းက ဘာစီလိုနာမှ ထွက်ခွာခွင့်တောင်းဆိုပြီးနောက် ကမ္ဘာတလွှားသတင်းခေါင်းစီးများတွင် နေရာရယူခဲ့သူသည်။ သူသည် စာချုပ်ပါအချက်အတိုင်း ဘာစီလိုနာမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ကြိုးပမ်းခဲ့သော်လည်း ဘာစီလိုနာကလည်း စာချုပ်ပါအချက်အတိုင်း ယူရိုသန်း ၇၀၀ မပေးလျှင် ထွက်ခွာနိုင်မည်မဟုတ်ဟု တုံ့ပြန်ခဲ့သည်။ မက်ဆီအနေဖြင့် ဘာစီလိုနာမှ ထွက်ခွာရန် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းရန်သာ ရှိတော့သည့်အနေအထားတွင် ရှိနေခဲ့ပြီး နောက်ဆုံးတွင် သူချစ်သောကလပ်နှင့် တရားရင်ဆိုင်လိုခြင်းမရှိ၍ ဘာစီလိုနာတွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့သည်။

မန်စီးတီးသည် အသက် ၃၃ နှစ်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားကို ခေါ်ယူရန် ကြိုးပမ်းမှု ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။ မန်စီးတီးသည် မက်ဆီကို ခေါ်ယူနိုင်သည့် ငွေကြေးအင်အားတောင့်တင်းသည့် ကမ္ဘာ့ကလပ်အနည်းငယ်မှ တစ်ခု ဖြစ်သော် လည်း ၎င်းတို့သည် Financial Fair Play စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ဥရောပပြိုင်ပွဲကစားခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရဖူးသည်။ သို့ရာတွင် ၎င်းတို့သည် အားကစားသမာဓိခုံရုံးတွင် အယူခံအောင်မြင်မှုနှင့်အတူ ဒဏ်ငွေသာ ဆောင်ခဲ့ရသည်။

မော်ရင်ဟိုက “မန်စီးတီးမှာ အပြစ်မရှိကြောင်း တွေ့တယ်ဆိုရင်လည်း ပေါင်သန်း ၁၀ သန်း ဒဏ်မရိုက်နဲ့လေ။ အပြစ်မရှိရင်လည်း ဒဏ်လည်း မရိုက်သင့်ဘူး။ အပြစ် ရှိတယ်ဆိုရင်လည်း ပြိုင်ပွဲအပိတ်ခံရမယ်လေ”ဟု မန်စီးတီးအား ချန်ပီယံလိဂ် မပိတ်ပင်ဘဲ ဒဏ်ငွေသာ ချမှတ်မှုအပေါ် ဝေဖန်ဖူးသည်။

ယခုတစ်ဖန် မော်ရင်ဟိုသည် မက်ဆီအား ခေါ်ယူရန် ကြိုးပမ်းကာ Financial Fair Play ကို ချိုးဖောက်ရန် ကြိုးပမ်းလာမှုအား နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ပြောဆိုမှု ပြုလုပ်လာသည်။

မော်ရင်ဟိုက “စပါးစ်က FFP (Financial Fari Play) ကို လေးစားတယ်။ သူက FFP ကို မလေးစားတဲ့ ကလပ်သို့ဘဲ ပြောင်းနိုင်ပါတယ်။ စပါးစ်ကတော့ လေးစားပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment